ရန်ကုန်၊ ဧပြီ ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် စစ်တပ်ကလည်း ဒရုန်းများ အပါအဝင် လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အမှိုက်ပုံရွာ ၊ မရှီကထောင်ရပ်ကွက်ဘက်နှင့် သင်းချိုင်းကုန်းဘက်ကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပြန်လည် တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
” ဒရုန်းနဲ့ အပြန်အလှန်ချနေကြတာ ဗျူဟာကုန်း မိန်းနေရာအထိ ဒရုန်းဗုံးတွေ ကွက်တိကိုကျရောက် ပေါက်ကွဲတယ်။ စစ်ခွေးတွေ ဝပ်နေတဲ့ ဗျူဟာကုန်းပေါ်က ကတုတ်ကျင်းထဲပါ ဗုံးတွေ ကျရောက်ပေါက်ကွဲလို့ စစ်ခွေး ထိခိုက်သေဆုံးမှုရှိပါတယ်။ စစ်ခွေးတွေက လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်တာတွေရှိတယ်။ အဲကောင်တွေ အထိနာသွားပုံရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့ တို့တွင်လည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းပေါ်ကို KIA ပူးပေါင်းတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗုံးများကျရောက် ပေါက်ကွဲကာ မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။




