ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်တပ်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ပေါက်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်းသည် ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ရိက္ခာပို့ရန် ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထို ယာဉ်တန်းတွင် စစ်သားနှင့် ပျူစောထီးများ ပါဝင်ပြီး အင်အား ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
အဆိုပါ ရိက္ခာယာဉ်တန်းသည် လက်ရှိချိန်တွင် တယ်ပင်ကန်ရွာအနီး ရောက်ရှိနေပြီး လမ်းတောက်လျှောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံထားရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ကျေးရွာ ၈ ခုမှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ပေါက်မြို့နယ် တောင်ပိုင်းထဲကို ဝင်လာတဲ့ ရိက္ခာယာဉ်တန်းက ဒီနေ့ ယာကြီးပြင် ပျုစောထီးရွာကို ရောက်နေတယ်။ သွားတုန်းကတော့ ကားက ၉၀ ကျော် ၁၀၀ လောက်ပဲ အခု အပြန်မှာ မြို့ပေါ်ရောက်နေတဲ့ ပျူစောထီးတွေ အကုန်လုံး ပြန်လိုက်လာတယ်။ အခုကား အစီးရေက ၂၀၀ ကျော်နေတယ်။ မိုင်းတွေလည်း တောက်လျှောက်ထိပါတယ်။ စစ်ခွေးတွေ ထိခိုက်တာတော့ရှိနိုင်တယ်။ အခု စစ်ခွေးကားတန်းမှာက ထန်းတပင်ရွာ ပျူစောထီးခေါင်းဆောင် ကျော်မင်းဌေး ကားတွေလည်းပါတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်ယာဉ်တန်းသည် ပုသိမ်-မုံရွာ လမ်းပိုင်းမှ ကပစ ၂၂ ဘက်ကို ဆက်လက် ထွက်ခွာရန် ဦးတည်နေပြီး လမ်းပိုင်းတောက်လျှောက်ရှိ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန်နှင့် လေကြောင်း အန္တရာယ်ကိုလည်း သတိပြုကြရန် ကိုကျားဇိုးက ဆက်လက်ပြောဆိုသည်။
ထို့ပြင် မတ်လပိုင်းကလည်း ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကိ တော်လှန်ရေးတပ်ဖွဲ့များက လမ်းတောက်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၃ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။




