30 C
Yangon

လောင်းလုံးမြို့မရဲစခန်းတွင် အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မုဒုံတွင်လည်း စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မရဲစခန်းတွင် အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ ည ၁၀ နာရီချိန်ခန့်တွင် လောင်းလုံးမြိုမ ရဲစခန်း အတွင်း အရက်သောက်ပြီး ကာရာအိုကေဆိုနေသော စစ်သားများကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBF)က ဒရုန်းဖြင့် ဗုံး ၂ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း သွားလာနေထိုင်ရာတွင် ဂရုစိုက်ကြရန်နှင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သောကြောင့် သတိပြု သွားလာကြရန် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် အမတ ၃၁၈ စစ်ဆေးရေးဂိတ်စခန်းကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မုဒုံမြို့နယ်၊ အဘစ်ကျေးရွာနားရှိ အကြမ်းဖက် စစ်တပ် အမတ ၃၁၈ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိသည်။

“စစ်ခွေးသေစာရင်းကတော့ ကျွန်တော်တို့ စုံစမ်းနေတုန်းပါ။ အဲဒီဂိတ်က ခရီးသွား ပြည်သူတွေကို တော်တော်ဒုက္ခပေးတဲ့ဂိတ်ပဲ၊ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အကြမ်းဖက်တာ ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ဂိတ်ပါ”ဟု RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article