ရန်ကုန်၊ ဧပြီ ၁၂
အကြမ်းဖက်စစ်တပ်၏ စစ်တပ်ဦးစီးချုပ် ရဲဝင်းဦးနှင့် ဒုစစ်ဦးစီးချုပ် ကျော်စွာလင်းတို့ကို တပ်ချုပ်နှင့်ဒုတပ်ချုပ်အသစ်များ အဖြစ် ခန့်အပ်သော အမျိုးသားကကွယ်ရေးနှင့်လုံခြုံရေး-ကာ/လုံ အမိန့်စာသစ်ကို မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က အဖွဲ့ဝင် ၁၁ ဦးပါ ကာ/လုံကို ချက်ချင်း ဖွဲ့စည်းခဲ့ပြီး တပ်ချုပ်နှင့်ဒုတပ်ချုပ်အသစ်တို့ကို ခန့်အပ်ကြောင်း အမိန့်စာကို တပ်တွင်းသို့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းနောက် ကာ/လုံအစည်း အဝေးကို လစဉ် အနည်းဆုံး ၁ ကြိမ် ခေါ်ယူရန် စီစဉ်ထားကြောင်း သိရှိရသည်။
“တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စတွေ၊ စစ်ဆင်ရေးကိစ္စတွေကို တပ်ချုပ်ရော ဒုတပ်ချုပ်ရောက ကာ/လုံကနေ ဦးမင်းအောင်လှိုင်ကို တင်ပြရမယ့် အနေအထားမျိုး မြင်ရတယ်။ ကာ/လုံအစည်းအဝေးကိုလည်း ကျနော်တို့ ကြားရသလောက်တော့ လစဉ် ၁ လကို အနည်းဆုံး ၁ ကြိမ် ခေါ်မယ်လို့ သိရတယ်။ တပ်မတော်ကိုလည်း သမ္မတက လက်မလွှတ်ဘဲ စီမံမယ့်သဘောလို့ မြင်တယ်။ စစ်ဆင်ရေးကိစ္စတွေများလာရင် ကာ/လုံအစည်းအဝေးခေါ်မယ့် အကြိမ်ရေ ခပ်စိတ်စိတ်ဖြစ်လာနိုင်မယ်ထင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ကာရလုံတွင် မင်းအောင်လှိုင်၊ ညိုစော၊ နန်းနီနီအေး၊ ခင်ရီ၊ အောင်လင်းဒွေး၊ ရဲဝင်းဦး၊ ကျော်စွာလင်း၊ ထွန်းအောင်၊ တင်မောင်ဆွေ ၊ ညွန့်ဝင်းဆွေ ၊ ဖုန်းမြတ် တို့ပါဝင်နေသည်။
တပ်ချုပ်ဖြစ်လာသော ရဲဝင်းဦးသည် Officers Training school (Bahtoo) OTS အပတ်စဉ် ၇၇ ကျောင်းဆင်းဖြစ်ပြီး ကာချုပ် မင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့စဉ်က ရဲဝင်းဦးက အဆိုပါတိုင်း စစ်ဌာနချုပ်၏ စစ်ဦးစီးပထမတန်း G1 အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ်ဆွေ့ဆုံခဲ့ကြသည်။
မင်းအောင်လှိုင်မိသားစုနှင့် ရဲဝင်းဦး မိသားစု အထူးခင်မင်ခဲ့ကြပြီး ထိုစဉ်က မင်းအောင်လှိုင်၏ ယောက္ခမ အမှတ်၂ တပ်မတော်စစ်ဆေးရုံ တက်ရောက် ကုသစဉ် ရဲဝင်းဦး၏မိန်းမက နှစ်ပေါက်အောင် နေ့ညမပြတ် လူနာပြုစု စောင့် ရှောက် ပေးခဲ့ဖူးသည်။
ထို့ပြင် ရဲဝင်းဦးသည် ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်အေးနှင့် ခမည်းခမက်များဖြစ်သည်။ ရဲဝင်းဦးသည် G1 ရာထူးမှ ဗျူဟာမှူး၊ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ ထိုနောက် စစ်ဆေးတက္ကသိုလ်-DSMA ၏ ကျောင်းအုပ်ကြီး ၊ အနောက် တောင်တိုင်းစစ် ဌာန ချုပ် တိုင်းမှူးအဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်လာသည်။
ရဲဝင်းဦးတွင် မောင်နှမ ၄ ဦး ရှိပြီး အကြီးဆုံး ရဲထွန်းဦးမှာ လဝကတွင် အတွင်းဝန်အဖြစ်လည်း ကောင်း၊ ရဲဝင်းဦးအောက် ညီဖြစ်သူ သော်ဝင်းထွန်းမှာ ဗိုလ်မှူးကြီးအဖြစ်မှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ချုပ် အဖြစ် လုပ်ကိုင်နေသည်။




