ရန်ကုန်၊ ဧပြီ ၁၂
ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို စစ်တပ်က ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း ကုန်စည်များကို သယ်ယူခွင့်မပေးဘဲ ဆက်လက်ပိတ်ပင်ကာ ကုန်စည် သယ်ယူမှုများကို စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ထိုင်း-မြန်မာနယ်စပ်ကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂ ရက်နေ့မှစတင်၍ စစ်တပ်က အာရှလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ကုန်စည်များ စီးဆင်းဖြတ်သန်းရာ အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည် ရေး တံတားကို ပြန်လည် ဖွင့်လှစ်ပေးခြင်းမရှိဘဲ ကုန်စည်သယ်ယူပို့ဆောင်မှုများကိုလည်း ပိတ်ပင်ထားဆဲဖြစ်ကြောင်း၊ စစ်တပ်က မြ၀တီကုန်သွယ်ရေးဇုန်တွင် ဝန်ထမ်းများ ပြန်လည် ရုံးထိုင်နေပြီဖြစ်သော်လည်း မည်သည့်ကုန်သွယ်မှုလုပ်ငန်းများကိုမှ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။
“အခု လမ်းပြန်ဖွင့်တာ ၁၀ ရက်ကျော်လာပေမယ့် ကုန်သွယ်မှုကိုတော့ ပြန်မစသေးဘူး။ တစ်ပိုင်တစ်နိုင် သယ်တာတွေကိုပါ ကားပေါ်ကနေ အတင်းဆွဲချနေတာ။ အာရှလမ်း လုံခြုံရေးကိုတော့ စခနဲ့ BGF တွေက ယူထားတယ်။ ဂိတ်တွေအများကြီးမှာ ငွေကလည်း တောင်းတာ အရမ်းပဲ။ ခရီးသည်တွေတော့ သွားလို့ရတယ်။ ဒါပေမယ့် တစ်ကိုယ်ရေးသုံး ဆပ်ပြာမှုန့်တောင် သယ်ခွင့်မပေးဘူး။ အကုန်ဆွဲချနေတာ။ ကုန်သွယ်ရေးကတော့ ဘယ်တော့မှ ပြန်ဖွင့်မလဲမသိဘူး” ဟု မြ၀တီမြို့အခြေစိုက် နယ်စပ်ကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသော အာရှလမ်းမကြီးပေါ်တွင် ခရီး သွားလာမှုများကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သော်လည်း စီးပွားဖြစ် ကုန်စည်သယ် ယူမှုများကိုမူ စစ်တပ်က အထူးစီမံချက်ဖြင့် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ကုန်သွယ်ရေးမှာမူ ဆက်လက်ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က အာရှလမ်းတစ်လျှောက် လိုင်စင်မဲ့ ကုန်စည်များ တင်ဆောင်ခြင်း၊ အကောက် ခွန်မဲ့ ကုန်စည်များ သယ်ယူခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်စည်သယ်ဆောင်ခြင်းများကိုပါ ဖမ်းဆီးနေရာတွင် ကုန်စည်တင်သွင်းသယ်ယူနေသည့် ကွင်းဆက်များကိုပါ လိုက်လံ ဖမ်းဆီးနေကြောင်း သိရှိရသည်။
“အခုကုန်တင်ကားကိုတင်ဖမ်းတာမဟုတ်ဘူး။ ဘယ်ကတင်လဲ။ ဘယ်ဝင်ပေါက်က သွင်းတာလဲ အကုန်လိုက်စစ်ပြီး လိုက်ဖမ်းနေတာ။ ကွင်းဆက်တစ်ခုလုံးကို လိုက်ဖမ်းနေတာ။ အဲဒါကြောင့် အကုန်ငြိမ်နေကြတယ်” ဟု နယ်စပ်ကုန်သည်က ဆက်လက်ရှင်းပြသည်။ ု
စစ်တပ်က တရားမဝင် ကုန်စည် သယ်ဆောင်တင်သွင်းသော ကုန်ပိုင်ရှင်နှင့် ဂိုဒေါင်ပိုင်ရှင်များ: ကုန်ပစ္စည်းပိုင်ရှင်နှင့် ယင်းကုန်ပစ္စည်းများကို လက်ခံသိုလှောင်ထားရှိသည့် ဂိုဒေါင်များကိုပါ ချိတ်ပိတ်ခြင်း၊ ကားများကို သိမ်းယူခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း မြ၀တီ-ကော့ကရိတ်အာရှလမ်းကို အသုံးပြုနေသည့် ခရီးသည်များကိုလည်း စစ်တပ်နှင့် BGF က အာရှလမ်းတစ်လျှောက် ဂိတ်များဖွင့်ကာ ဆက်ကြေး တောင်းယူမှုများ လုပ်ဆောင်နေကြောင်း ခရီးသည်များထံမှ သိရှိရသည်။




