ရန်ကုန်၊ ဧပြီ ၁၂
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာ ၆ ခုကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေ၍ နေအိမ်အများအပြား မီးလောင်ပြာကျကာ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်၊ ကန်သာယာရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ကျော်ခန့်ဖြင့် စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် လိုက်လံ ခိုးယူနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့်
မကျီးပင်ရွာ တို့ကိုလည်း ဆက်တိုက် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“နတ်တလင်းနယ်ထဲမှာ စစ်ခွေးစစ်ကြောင်းကော လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာကော နေ့တိုင်း နီးပါးကို လုပ်နေတာ မနေ့က ဘန့်ဘွေးကုန်းရွာကို ဒရုန်းနဲ့ ဗုံးကျဲချလို့ နေအိမ်တွေ မီးလောင်သွားတယ်။ အချိန်တော်တော်ကြာကြာကို မီးလောင်တာ ပြည်သူတွေလည်း တိမ်းရှောင်နေရတာ ရက်ကြာလာတော့ စားနပ်ရိက္ခာတွေ လိုအပ်လာတယ်။ ထောင်နဲ့ချီတဲ့ လူတွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့ကလည်း မလုံလောက်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန်သာယာရွာ၊ ပဲမခမ်းရွာ၊ ညောင်ဝိုင်းရွာ၊ စံကြီးလောင့်ရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ သရက်ပုဂံရိုးရွာ၊ ကျွန်းလေပင်ရွာ၊ ဆည်းကန်ရွာ၊ ထန်းတောရွာ၊ အိုးဖိုကုန်းရွာ၊ ရေနံကုန်းရွာ၊ လယ်မအင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ရှားစေးဖိုရွာ၊ ချောင်းကမ်းကြီးရွာ၊ သာယာကုန်းရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း အင်အားဖြန့်ခွဲ၍ တပ်စွဲထားကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။






