30 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ်က ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့နေပြီး မျက်မမြင် အဖိုးအိုများ အပါအဝင် ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဧပြီ ၁၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး အသက် ၆၀ ကျော်အရွယ် မျက်မမြင် အဖိုးအိုများ အပါအဝင် ပြည်သူ ၇ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ရွာသစ်ကျေးရွာကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသစ်ကျေးရွာအတွင်းရှိ ဆေးကုသမှုပေးနေသော အဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကာ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိန်ပန်းကျေးနှင့် ရွာသစ်ကျေးရွာ အတွင်းရှိ နေအိမ်များ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပြီး လက်ရှိချိန်ထိ စစ်တပ်က ရွာထဲ၌ တပ်စွဲကာ မီးရှို့နေဆဲဖြစ်ကြောင်း၊ ပြည်သူများလည်း ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးသောကြောင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောတောင် အတွင်း ပုန်းအောင်နေသော မျက်မမြင်အဘိုးအို ၁ ဦးအပါအဝင် အသက် ၆၀ နှစ်အရွယ် ပြည်သူ ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကာ လက်ရှိချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသးကြောင်း၊ ယင်းစစ်ကြောင်းသည် သင်္ကြန်ကာလအတွင်း ထိန်ပန်းနှင့် ရွာသစ်ကျေးရွာတို့ကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမည်ဟု ကြိုတင်ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

“ယုန်ထိုးကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှာ စစ်ခွေးတွေက ဝင်ပြီး မီးရှို့နေပါတယ်။ ထိန်ပန်းကျေးရွာကို မီးရှို့ပြီးတော့ ရွာသစ်ကျေးရွာကို ဝင်လာတယ်။ ဒရုန်းအရင်ချတာ ဆေးကုမှုတွေလုပ်ဆောင်ပေးနေတဲ့ အဆောင်ကို ချတယ်။ တောင်ပိုင်းကနေ မီးစလောင်တယ်။ အခုအလယ်ပိုင်းကို မီးထပ်ရှို့နေတယ်။ တစ်ရွာလုံးကို ပြောင်အောင်ရှို့မယ်ဆိုပြီး မိုက်နဲ့လည်း သတင်းတွေကြေညာထားပါတယ်။ အဲ့အတွက် ရွာကပြည်သူပြည်သားတွေက ကြောက်လို့ ထွက်ပြေးနေတာ တိမ်းရှောင်နေတာ အခုလို သင်္ကြန်ကာလကြီးမှာ သူတို့ဝင်ပြီးတော့ လုပ်သွားတယ်။ အိမ်ခြေတွေလည်း တော်တော်ကုန်သွားပါပြီ ပြည်သူတွေလည်းတစ်ယောက်မှမရှိတော့ဘူး။ တောထဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၇ ယောက်ကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီးသွားတယ်။ အဲ့ပြည်သူ ၇ ယောက်ကိုလည်း မနက်ထဲက ဖမ်းသွားတာ အခုချိန်ထိဆက်သွယ်မရဘူး။ ဘယ်နေရာမှာထားလို့ထားမှန်းမသိဘူး။ ဖမ်းဆီးခံရတဲ့ သူတွေက အသက်က ၆၀ ကျော်နေပါပြီ အဘိုကြီး အဘွားကြီးတွေ တစ်ယောက်ကဆိုရင် မျက်လုံးမမြင်ရလို့ သူ့မိန်းမကို အားကိုးပြီးနေရတာ တောမှာ တိမ်းရှောင်နေတာကို ဖမ်းဆီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက် စီးနင်း မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article