30 C
Yangon

ရွှေကျင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ စစ်တပ်၏ လက်ယက်စခန်းနှင့် လေးကေစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ဒုတပ်ရင်းမှူး အောင်သော်အပါအဝင် အရာရှိ ၂ ဦးကိုအရှင်ဖမ်းမိကာ စစ်သား ၁၃ ဦးသေဆုံးပြီး လက်နက် ၁၀ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၂

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ယက်စခန်းနှင့် လေးကေစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ဒုတပ်ရင်းမှူး အောင်သော်အပါအဝင် အရာရှိ ၂ ဦးကို အရှင်ဖမ်းမိပြီး စစ်သား ၁၃ ဦးသေဆုံးကာ လက်နက် ၁၀ လက်သိမ်းဆည်းရရှိခဲ့ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ အထူးတိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီ ၇ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း)ကို တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲကို ဧပြီလ ၄ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၇ ရက်နေ့ နံနက် ၆ နာရီတွင် အပြီးသတ်သိမ်းဆည်းရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်ယက်စခန်း သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း ၈ လောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ထို့ပြင် စစ်သားများထံမှ ၆၀မမ (၁) လက်၊ MA11 (၄) လက်၊ MA 1 (၁) လက်၊ MA4 ပူးတွဲ (၁) လက်၊ RPG အသီး (၇) စုံ၊ စက်လက်ကျည် (၆၀၀) တောင့်၊ ၅.၅၆ ကျည် (၅၀၀) တောင့်၊ ၆၀မမသီး (၅) လုံး၊ ကျည်ဘောက် (၁၂) ခုနှင့် စစ်သုံးပစ္စည်းများ၊ ဂျန်မာစက် (၂ )စုံ ၊ မီးစက် (၂) လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ယက်စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ​​ တပ်ရင်းများ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) မှ ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဧပြီလ ၁၂ ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲထားသော လေးကေစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို စခန်းသိမ်းတိုက်ပွဲကို ဧပြီလ ၇ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

လေးကေစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ဒုတပ်ရင်းမှူး အောင်သော်နှင့် အခြားဆင့် ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူ ၅ ဦးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း စစ်သားများထံမှ ငါကြင်းမြီး (၁) လက်၊ MA2 (၁) လက်၊ ၆၀မမ (၁) လက်၊ ၆၀မမသီး (၂၉) လုံး၊ ၄၀မမသီး (၇၅) လုံး၊ ၅.၅၆ကျည် (၄၀၀၀) တောင့်၊ ဂျန်မာစက် (၃) လုံး၊ ဆက်သွယ်ရေးအထိုင်စက် (၄) လုံး၊ မီးစက် (၁) လုံးနှင့် စစ်သုံးပစ္စည်းများသီမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေးကေစခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article