ရန်ကုန်၊ ဧပြီ ၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ပြီး မီးသတ်ကို အကြောင်းကြားခဲ့သော်လည်း လာရောက် ငြိမ်းသတ်ခြင်းမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် မြောက်လူးကန်ရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် မြောက်လူးကန်ရွာ အခြေခံပညာ အထက်တန်းကျောင်းပါ မီးလောင်ပြာကျခဲ့ကြောင်း၊ စစ်တပ်သည် ကျေးရွာအတွင်း တပ်စွဲထားသောကြောင့် နေအိမ် ပျက်စီးမှု အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ခန့်မှန်းခြေ နေအိမ် ၅၀၀ ခန့် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက မီးရှို့တာ အခုပြောနေတဲ့ တောမီးလောင်စရာဘာအကြောင်းမှမရှိဘူး။ သူတို့ တပ်စွဲထားတဲ့ ဘက်ကျတော့မလောင်ဘူး ပြည်သူတွေ နေအိမ် အများစုရှိတဲ့ဘက်လောင်းသွားတာ အထက်တန်းကျောင်းတောင် မီးလောင်ပြာကျသွားတယ်။ မီးသတ်ကို ဖုန်းဆက်ကျတယ်လို့တော့ ပြောတယ်။ မီးလာမငြိမ်းဘူး သူတို့ခွင့်ပြုချက်လိုတယ်လို့ပြောပြီး ဖုန်းချသွားတယ်လို့ ဆက်တဲ့ သူတွေ ပြောပြချက်အရ သိရပါတယ်။ ရွာကတော့ နေအိမ် ၅၀၀ ခန့်ပြာကျသွားတယ်။ ရွာလုံးကျွတ် နီးပါးကို လောင်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မြောက်လူးကန်ရွာတွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ကျေးရွာနေပြည်သူ အများစုသည် စစ်တပ် တပ်စွဲပြီးနောက် ရွာထဲမှ တိမ်းရှောင်နေရကြခြင်းဖြစ်ကြောင်း သိရသည်။







