38 C
Yangon

ယင်းမာပင်နှင့် ပုလဲတွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်၊ ၁၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က Gyrocopter များ၊ ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြု၍ တိုက် ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် ပြည်သူပိုင်ပစ္စည်းများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးအနက် ၂ စီးသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ငါးမောင်းကျေးရွာရှိ စာသင်ကျောင်းအနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဒေသပြည်သူတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်၍ “စစ်ခွေးတွေ ဗုံးကျဲတိုက်ခိုက်တာမှာ ယင်းမာပင်နယ် ငါးမောင်းရွာ စာသင်ကျောင်းအနီး ၁ လုံးကျတာ လက်သမားဆရာကြီးရဲ့ မြေးမလေး လည်ပင်းပြတ်ကာ သေဆုံးတယ်လို့ ကြားတယ်။ ပြီးတော့ ငါးမောင်းရွာ စာသင် ကျောင်း ပျက်စီးမှုအချို့ ရှိတယ်လို့ သိရတယ်” ဟု ပြောဆိုခဲ့သည်။

ထို့ပြင် တမာပင်ခွကျေးရွာရှိ စပါးကျီတစ်လုံး မီးလောင်ပြာကျခဲ့ပြီး လည်ငေါက်လျှပ် စစ် ဓာတ်အားခွဲရုံ အဝင်မီးကြိုးများ ပျက်စီးသွားခြင်းကြောင့် ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း သိရသည်။

အလားတူ ပုလဲမြို့နယ်၊ မုံကြိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သေတ္တရာကျေးရွာရှိ သံဃာနာယကအဖွဲ့ဝင် ဆရာ တော်တစ်ပါး၏ မော်တော်ယာဉ်နှင့် ထွန်စက်တစ်စီး ဗုံးစထိမှန် ပျက်စီးခဲ့သည်။

ထို့ပြင် ဆည်ဘောင်ဘေးရှိ ဆိတ်ခြံအတွင်း လက်နက်ကြီးကျရောက်သဖြင့် ပြည်သူတစ်ဦး ဒဏ်ရာရကာ ဆိတ် ၄ ကောင် သေဆုံးခဲ့သည်။

ဒေသခံတစ်ဦးက “ပုလဲမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ခွေးတွေက မုံကြိုင်းရွာမှာ အခြေပြုထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဆိတ်ခြံထဲကျပြီး ဆိတ် ၄ ကောင် သေဆုံးကာ ပြည်သူ ၁ ဦး ဒဏ်ရာရတယ်လို့ ကြားတယ်။ အဲ့ဒီစစ်ကြောင်းကပဲ ဒရုန်းနဲ့ချတာ သေတ္တရာရွာက ဘုန်းကြီးကားနဲ့ လေးဘီးထွန်စက် ၁ စီး ပျက်စီးသွားတယ်” ဟု အတည်ပြုပြောကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က အဆိုပါမြို့နယ်များအတွင်း မြေပြင်စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက် ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ သောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ အညာဒေသတွင် ဗုံးပတ်ကျဲနေသော စစ်တပ်၏ စက်တပ်လေထီး ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article