ရန်ကုန်၊ ဧပြီ ၁၃
ထိုင်း-မြန်မာနယ်စပ်တွင် ဖရဲသီးများ တင်ဆောင်လာသည့် ပစ်ကပ် ဖရဲသီးကားအောက်၌ ဓာတ်ဆီ လီတာ ၄၀၀ နီးပါး ဝှက်သယ်လာပြီး မြန်မာနိုင်ငံဘက်သို့ မှောင်ခိုတင်ပို့ရောင်းချရန် ကြိုးပမ်းသည့် အသက် ၅၆ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ဧပြီလ ၁၂ ရက်နေ့ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ သံဖြူဇရပ်လမ်းကြောင်းရှိ ဘုရားသုံးဆူနယ်စပ်အနီး စံခလဘူရီခရိုင်အတွင်းရှိ ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် အဆိုပါ အမျိုးသားကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ထိုင်းတော်ဝင်စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေစဉ် ထောင်ဖဖွန်ခရိုင်ဘက်မှ ဘုရားသုံးဆူဘက်သို့ မောင်းနှင်လာသည့် သံသယဖြစ်ဖွယ် နစ်ဆန်း (Nissan) ပစ်ကပ်ကားအနီတစ်စီးကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကနဦးတွင် ကားပေါ်၌ စံခလဘူရီတွင် ရောင်းချမည့် ဖရဲသီးများကိုသာ တင်ဆောင်လာသည်ဟု ထင်ရသော်လည်း ကားထံမှ ဓာတ်ဆီနံ့များ ထွက်ပေါ်နေခြင်းကြောင့် ရဲတပ်ဖွဲ့က အသေးစိတ် ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာတွင် ဖရဲသီးများ၏ အောက်ဘက်တွင် ဝှက်သယ်လာသည့် Gasohol 95 ဓာတ်ဆီ ဂါလံ ၁၄ ဘူး (စုစုပေါင်း ၃၉၅ လီတာ) ကို တွေ့ရှိခဲ့သဖြင့် ဆီများနှင့် ကားကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သည်။
ဖမ်းဆီးခံရသူက ၎င်းအား မြန်မာနိုင်ငံသားအချို့က ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ၎င်းသည် ထိုင်းနိုင်ငံတွင် ဓာတ်ဆီ တစ်လီတာလျှင် ၅၄ ဘတ်ဖြင့် ဝယ်ယူခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကာ မြန်မာဘက်တွင် ၇၀ ဘတ်ဖြင့် ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ရောင်းချပါက တစ်လီတာလျှင် ၁၆ ဘတ်ခန့် အမြတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဖမ်းဆီးမခံရစေရန် တောလမ်းများမှ ပတ်မောင်းခဲ့သော်လည်း နယ်စပ်သို့မရောက်မီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။




