ရန်ကုန်၊ ဧပြီ ၁၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ အကြမ်းဖက် စစ်တပ်၏ ကြယ်ပြောင်ကုန်း စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် KNU တပ်မဟာ ၇ နယ်မြေ မဲသဝေါဒေသတွင်ရှိသော အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၉၆၂ ဗျူဟာကုန်း စခန်း၏ ကာကင်း စခန်းတစ်ခုဖြစ်သော ကြယ်ပြောင်ကုန်းစခန်းကို KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲသဝေါ ဒေသတွင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၃ ခုသာရှိပြီး အင်အား ရာဂဏန်းလောက်သာရှိကြောင်း၊ ကြယ်ပြောင်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုစခန်းများသည် KNU ဌာနချုပ် မာနယ်ပလော ရှိစဥ်တည်းက ကျူးကျော်ချထားသော စခန်းများဖြစ်ကြောင်း သိရှိရသည်။
“ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေ မဲသဝေါ ဒေသမှာရှိတဲ့ စစ်ခွေးတွေရဲ့ ပွိုင့် ၉၆၂ ဗျူဟာကုန်း စခန်းရဲ့ ကာကင်း စခန်းတစ်ခုဖြစ်တဲ့ ကြယ်ပြောင်ကုန်းစခန်းကို KNLAနဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဒီနေ့ နံနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ မဲသဝေါ ဒေသမှာ စစ်ခွေး တပ်စခန်း ၃ ခုရှိတယ်။ အင်အားကတော့ ရာဂဏန်းလောက်ပဲရှိတယ်။ နှစ်ဘက်ထိခိုက်မှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ်တော့ မသိရသေးဘူး” ဟု KNU စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဧပြီလ ၇ ရက်နေ့ နှင့် ၁၂ ရက်နေ့ကလည်း KNU တပ်မဟာ ၃ နယ်မြေရှိ လက်ယက် စခန်းနှင့် KNU တပ်မဟာ ၁ နယ်မြေရှိ လေးကေစခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။




