ရန်ကုန်၊ မေ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကနည) ဝန်ထမ်းဖြစ်သူ နေလင်းစိုးက အရက်မူးပြီး လိုင်စင်မဲ့ကားအား ရမ်းကားမောင်းနှင်ရာမှ ဆိုင်ကယ်စီးလာသော တက္ကသိုလ်ကျောင်းသူ ၃ ဦးကို ဝင်တိုက်မိသဖြင့် ကျောင်းသူအားလုံး သေဆုံးသွားခဲ့ပြီး ငွေကြေးလျှော်ကြေးပေး၍ အမှုပိတ်ရန် ဝန်ကြီးဌာနက ကြိုးပမ်းနေကြောင်း သေဆုံးသူများ၏ မိတ်ဆွေများက ပြောဆိုသည်။
မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာအနီး တက္ ကသိုလ်ကျောင်းသူ ၃ ဦးဖြစ်သော မအေးအေးအောင် (အသက် ၁၉ နှစ်၊ မြို့ပြအင်ဂျင်နီယာ ပထမနှစ်၊ မော်လမြိုင်နည်းပညာတက္ကသိုလ်၊ မနေခြည်ကျော် ( အသက်၂၀ နှစ်- မော်လမြိုင်တက္ကသိုလ်၊ Bio Chemistry ပထမနှစ်)၊ မဂျူလိုင်မိုး ( အသက် ၂၀ နှစ်- မော်လမြိုင်တက္ကသိုလ်၊ Chemistry ဒုတိယနှစ်)တို့က ဆိုင်ကယ်စီးလာစဉ် ကညနဝန်ထမ်း နေလင်းစိုးက အရက်မူးပြီး မောင်းနှင်လာသော လိုင်စင်မဲ့ကားဖြင့် တိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ယာဉ်တိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသူ ၃ ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တရားခံဖြစ်သူ နေလင်းစိုးက သေဆုံးသူ ၁ ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် လျှော်ကြေးပေး၍ ကညနဦးစီးဌာန၏ အရှိန် အဝါဖြင့် အမှုပိတ်သိမ်းရန် သေဆုံးသူများ၏ မိသားစုများကို ဖိအားပေးနေကြောင်း၊ သေဆုံးသွားသော တက္က သိုလ် ကျောင်းသူ ၃ ဦး၏ မိဘများမှာလည်း အမှတ် ၂၁ အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)မှ ဝန်ထမ်းများဖြစ်ကြောင်း သိရှိရသည်။
“သေဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူ ၃ ဦးစလုံးရဲ့ မိဘတွေက တာယာစက်ရုံက ဝန်ထမ်းတွေပဲ။ အဲဒီတော့ ကစစ ၂၁ တာယာစက်ရုံမှူးက နင်တို့ အမှုပိတ်လိုက်၊ နင်တို့သမီးတွေလည်း ပြန်ရှင်မလာဘူး။ လျှော်ကြေးယူလိုက်ဆိုပြီး သေဆုံးသွားတဲ့ ကျောင်းသူတွေရဲ့ မိဘတွေကို ဖိအားပေးတယ်။ ကားနဲ့တိုက်တဲ့ကောင်ကလည်း ကညနဝန်ထမ်းဆိုတော့ သူဌာနဆိုင်ရာနဲ့ ကပ်ပြီး ဖိအားပေးခိုင်းနေတာ” ဟု အမှုကိစ္စအကြောင်း သိရှိထားသူက ရှင်းပြသည်။
ကွယ်လွန်သူတက္ကသိုလ် ကျောင်းသူ ၃ ဦး၏ ရုပ်ကလပ်ကို မေလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ၊ သထုံမြို့နယ်၊ လေးတိုင်ကျေးရွာ ညောင်ဝိုင်းသုသာန်တွင် ပို့ဆောင် မီးသဂြိုလ်ခဲ့သည်ဟု သိရှိရသည်။
တက္ကသိုလ်ကျောင်းသူ ၃ ဦး၏ နာရေးရက်လည် မတိုင်မီ အမှုပိတ်သိမ်းရန်အတွက် ကညနဌာနနှင့် တာယာစက်ရုံက စာချုပ်များပါ ပြင်ဆင်ပြီး မိဘများကို အမြန်ဆုံး လက်မှတ်ရေးထိုး ကျေအေး အမှုပိတ်သိမ်းနိုင်ရေး ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်








