26.8 C
Yangon

ပြည်သူ ၅၀ ဝန်းကျင် အစုလိုက်အပြုံလိုက် စစ်တပ်၏ သတ်ဖြတ်မှု ခံခဲ့ရသော မြစ်ခြေမြို့မှ စစ်ဘေးရှောင် ပြည်သူ ၂ သောင်းနီးပါး အကူအညီများ အရေးပေါ် လိုအပ်နေ

Must read

ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် ပြည်သူ ၅၀ ဦး ဝန်းကျင်ကို သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူ ၂ သောင်းနီးပါး နေထိုင်စရာ၊ အမိုးအကာနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် မြစ်ခြေနယ် နယ်မြေ ၁ လူမှုကူညီရေးနှင့်စာနာထောက်ထားရေးဆိုင်ရာ တာဝန်ခံ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် ပခုက္ကူ တပ်မ ၁၀၁ မှ လာသော စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းသည် လက်ပံကျွန်း၊ ကူကျွန်း၊ ဥယျာဉ်၊ ညောင်ပင်၊ နံဂါတ်အရှေ့၊ နံဂါတ်အနောက်၊ မိုးနတ်ကုန်း၊ ထန်းတောချောက်၊ ဈေး၊ ကမ္ဘာအေး၊ တိုးချဲ့၂ ၊ ထနောင်းကုန်း၊ မကျဉ်းကုန်း၊ မြို့သစ်၊ မြို့မ ၊ ရွာသာအေး၊ ဆွဲကြီးနှင့် ဘိုကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော ကျေးရွာများမှ ပြည်သူများ အပါအဝင် မြစ်ခြေမြို့မှ ပြည်သူ ၅၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို သတ်ဖြတ်ခဲ့သည့် နေရာများတွင် စွန့်ပစ်ခဲ့ကြောင်း၊ ထို့ပြင် မြစ်ခြေမြို့ပေါ်ကို ဇွန်လ ၆ ရက်နေ့က ဒေသပြည်သူများ ပြန်လည်ဝင်ရောက်စဉ် မီးလောင်ပြင်၌ စစ်သားများက မီးရှို့သတ်ဖြတ်ထားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဒေသပြည်သူအများစုသည် စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ကြောက်လန့်နေကြပြီး နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိချိန် မြစ်ခြေမြို့ပေါ်မှ ပြည်သူများ အပါအဝင် ကျေးရွာများမှ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၁၉၁၀၀ ဦးထိရှိပြီး တစ်ရက်လျှင် ဆန် ၄၀ အိတ်နှင့် ဆီ ၃၆ ပိသာ အပြင် ဟင်းစားများပါ ကုန်ကျနေသည့် အတွက် စားနပ် ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

“ကျနော်တို့ စာရင်းရရှိထားတာတော့ အသတ်ခံရတဲ့ ပြည်သူပေါင်းက အခုအချိန်ထိ ၄၀ နဲ့ ၅၀ ဦးဝန်းကျင်လောက်ထိ ရှိနေပါတယ်။ ရွာပေါင်း ၁၈ ခုက မီးဘေးသင့် နေအိမ် ၁၀၀၀ လောက်ရှိပါတယ်။ စစ်‌ရှောင်ရွာပေါင်းက ၃၇ ရွာပါ။ လူဦးရေ စုစုပေါင်း က ၁၉၁၀၀ ဦးရှိပါတယ်။ ဆန်ဆီ တစ်နေ့တာကုန်ကျမှုက ဆန်အိတ် ၄၀ အိတ်နဲ့ ဆီ ၃၆ ပိသာနဲ့ အခြားချက်စရာ အစုံပေးရပါတယ်။ အဓိကက ကူညီထောက်ပံ့မယ့်သူလိုအပ်နေပါတယ်။ အကူအညီကအရမ်းကိုလိုအပ်တယ်” ဟု ပခုက္ကူမြို့နယ် မြစ်ခြေနယ် နယ်မြေ ၁ လူစာနာတာဝန်ခံက ရှင်းလင်းပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က မြစ်ခြေမြို့ပေါ်မှ ထွက်ခွာသော်လည်း ပြည်သူများမှာ စစ်တပ်၏ မီးရှို့မှုကြောင့် နေစရာ အိမ်မရှိတော့ဘဲ ပြန်စရာ နေရာလည်းမရှိတော့ကြောင်း၊ မီးလောင်ပြင်တွင် အခြေချနေထိုင်ရန်မှာလည်း မဖြစ်နိုင်သည့် အခြေအနေများ ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီသူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article