ရန်ကုန်၊ ဇွန် ၉
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရှိ ပီကန်နာနာ့စ်မြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၄၄ ဦး အပါအဝင် နိုင်ငံခြားသား ၁၀၁ ဦးကို ဇွန်လပထမပတ်အတွင်း သက်ဆိုင်ရာနိုင်ငံအသီးသီးထံသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်း ထုတ်ပြန်သည်။
ဇွန်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကာလအတွင်း မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသဖြင့် အကျဉ်းထောင်များ၌ ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံခြားသားများကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံခြားသား ၁၀၁ ဦးတွင် မြန်မာနိုင်ငံသား ၄၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၅ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၀ ဦး၊ ထိုင်းနိုင်ငံသား ၄ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄ ဦးနှင့် ဆူဒန်နိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။
နေရပ်ပြန်ပို့ခံရသူများသည် မလေးရှားနိုင်ငံအတွင်း ရာဇသတ်ကြီးဥပဒေ၊ ပြင်းထန်မူးယစ်ဆေးဝါးအက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများ အပါအဝင် အခြားသော ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူများဖြစ်ပြီး ပြစ်ဒဏ်စေ့လွတ်မြောက်ပြီးနောက်တွင် လူဝင်မှုကြီးကြပ်ရေးဌာနက မိခင်နိုင်ငံများထံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ကွန်ပျူတာစနစ်အတွင်း၌ “အမည်ပျက်စာရင်း (Blacklist)” သွင်းလိုက်ပြီး သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း မလေးရှားနိုင်ငံသို့ မည်သည့်အကြောင်းပြချက်နှင့်မျှ ပြန်လည်ဝင်ရောက်ခွင့်မပြုဘဲ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။
ယင်းအပြင် မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ် (Kelantan) အတွင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်အတုများ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၂ ဦးနှင့် ၎င်းတို့ကို မော်တော်ကားဖြင့် တင်ဆောင်လာသည့် မြန်မာယာဉ်မောင်း ၁ ဦးတို့ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ဇွန်လ ၇ ရက်နေ့ ည ၉ နာရီခန့်တွင် ကလန်တန်ပြည်နယ်၊ တာနားမေရာမြို့နယ် (Tanah Merah)၊ လာလန်းပီပူယူ (Lalang Pepuyu) ရှိ လမ်းပိတ်ဆို့စစ်ဆေးရေးဂိတ်၌ အာဏာပိုင်များက သံသယရှိသော ကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှ အသက် ၂၁ နှစ်မှ ၂၈ နှစ်ကြားရှိ မြန်မာနိုင်ငံသား ၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မလေးရှားအာဏာပိုင်များ စစ်ဆေးရာတွင် ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသားသည် တရားဝင် UNHCR ကတ်ပြားကို ပြသနိုင်ခဲ့သော်လည်း ကျန်ရှိသည့် ခရီးသည် မြန်မာ ၂ ဦး ပြသသော ကတ်ပြားများကို ရဲတပ်ဖွဲ့က ဘားကုဒ်စနစ် (Barcode System) ဖြင့် စစ်ဆေးအတည်ပြုရာတွင် ကတ်အတုများ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် မလေးရှားရဲတပ်ဖွဲ့က ကားမောင်းသူကို “အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများအား သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပေးမှု” ဖြင့် ဖမ်းဆီးခဲ့ပြီး၊ UNHCR ကတ်အတုကိုင်ဆောင်လာသည့် မြန်မာခရီးသည် ၂ ဦးကိုမူ “စာရွက်စာတမ်းအတု ကိုင်ဆောင်မှု” ဖြင့် ကားပေါ်မှ ဆွဲချဖမ်းဆီးခဲ့သည်။
အဆိုပါ ဖမ်းဆီးမှုအတွင်း ၎င်းတို့စီးနင်းလာသည့် မော်တော်ကား၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် UNHCR ကတ် ၃ ကတ် (စုစုပေါင်းတန်ဖိုး မလေးရှားရင်းဂစ် ၄၄,၀၀၀ ခန့်) ကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သည်။
လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ၃ ဦးနှင့် သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများကို တတာနားမေရာရဲစခန်းထံသို့ လွှဲပြောင်းပေးအပ်ထားပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေများဖြင့် အမှုဖွင့်ကာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။






