ရန်ကုန်၊ ဇွန် ၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကောင်းဆင့်ကျေးရွာနှင့် ရွာသာယာကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ခိုးယူခြင်း၊ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေသောကြောင့် ကျေးရွာ ၃ ရွာမှ ရာနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အနီးဝန်းကျင်ရှိ ရွာသာယာကျေးရွာအတွင်းကို ဝင်ရောက်စီနင်းပြီး ပြည်သူများကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကိုပါ မွှေနှောက်၍ တန်ဖိုးရှိပစ္စည်းများကို ခိုးယူကာ ၎င်းတို့ တပ်စွဲထားသည့် ကောင်းဆင့်ကျေးရွာဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသာယာကျေးရွာရှိ ရွှေမြင်မိဘုန်းကြီးကျောင်းအတွင်း၌ ဝင်ရောက် တပ်စွဲထားပြီး ကျေးရွာပတ်ပတ်လည်တွင် စစ်ကြောင်းများ ခွဲ၍ တပ်ဖြန့်နေရာယူထားကြောင်း သိရှိရ သည်။
“”ရွာသာယာရွာက ပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီး ကောင်းဆင့်ရွာကို သယ်ယူနေကြပြီး တပ်ထိုင်ထားတယ်။ ယင်းမာပင်မြို့ထဲမှာ စာသင်ကျောင်းမှာ ကျောင်းသားတွေအတွက် ကုစားဖြေဆိုဖို့အတွက်မြို့ ပတ်ဝန်းကျင်လုံခြုံရေးအတွက် ဖြန့်ကျက်ပြီးစစ်ကြောင်းထိုးနေတာပါ။ ကောင်းဆင့်ရွာမှာ တပ်ဆွဲနေအုံးမယ့်သဘောလို့ သုံးသပ်ရတယ်။ ကျောင်းသားတွေ စာမေးပွဲက ဇွန်လ ၁၅ ရက်နေ့ ဖြေကြမယ်လို့ကြားသိရတယ်။ စကစ က အရင်နှစ်တွေက အတန်းကျောင်းမနေခဲ့ရသူတွေအတွက် ပြန်လည်ပြီးအပ်နှံကြဖို့ဆိုပြီး အသက်အရွယ်အလိုက် ပြန်ပြီးအစားထိုးဖြေကြပြီး အတန်းတက်ပေးမယ့်အစီအစဉ် လုပ်နေတာလို့ကြားပါတယ်။ ရွာသာယာရွာနဲ့ ကောင်းဆင့်ရွာက မိုင်ဝက်နီးပါးသာဝေပါတယ်။ကောင်းဆင့်ရွာနဲ့ ကူးသန်းနေကြတယ်။ စစ်ခွေး စစ်ကြောင်း ရှိနေလို့ ကောင်းဆင့်ရွာ -နှောရိုးရွာ နဲ့ ရွာသာယာရွာ တို့က ရာနဲ့ချီတဲ့ ပြည်သူကတော့ ထွက်ပြေးနေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့ပေါ်ရှိ စာသင်ကျောင်းများ၌ ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပရန်ရှိသည့် အတန်းတင်ကုစားဖြေဆိုမည့် စာမေးပွဲအစီအစဉ်အတွက် မြို့ပတ်ဝန်းကျင် လုံခြုံရေးယူရန်ဟုဆိုကာ ကျေးရွာများဘက်ကို တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထိုစာမေးပွဲသည် ယခင်နှစ်များက ကျောင်းမနေခဲ့ရသူများကို အသက်အရွယ်အလိုက် ပြန်လည်အပ်နှံစေပြီး အစားထိုးဖြေဆိုကာ အတန်းတက်ပေးမည့် စစ်ကောင်စီ၏ ဝါဒဖြန့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးတပ်စွဲထားမှုကြောင့် ကောင်းဆင့်ကျေးရွာ၊ နှောရိုးကျေးရွာနှင့် ရွာသာယာကျေးရွာတို့မှ ရာနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ တောတောင်များနှင့် နီးစပ်ရာကျေးရွာများသို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၇ ရက်နေ့ ကလည်း ယင်းမာပင်မြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လည်ငေါက်ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကြောင်းဝင်ရောက်လာ၍ ဘေးလွတ်ရာတိမ်းရှောင်ရန်ပြင်ဆင်နေသည့် ပြည်သူများကို ဖမ်းဆီးကာ ဆိုင်ကယ် ၈ စီးအပါအဝင် ငွေကျပ် ၁၀၀ နှင့် ရွှေတချို့ကိုပါ လုယက်ယူဆောင်းသွားပြီး နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“လည်ငေါက်ရွာ ကို ယင်းမာပင်မြို့က ထွက်လာတဲ့အင်အား ၂၀၀ ပါတဲ့စစ်ကြောင်းဟာ နေအိမ်အချို့ကို မီးရှို့ပြီး ပြည်သူလူထု၏ ဆိုင်ကယ် ၈ စီး နှင့် စစ်ကြောင်းလာလို့ ထွက်ပြေးမလို့လုပ်နေစဉ် ဖမ်းခံရတဲ့ ပြည်သူ၏ဆိုင်ကယ်အပါအဝင် ငွေသားသိန်းတစ်ရာကျပ်နဲ့ရွှေ တချို့ပါအထုပ်ပါ လုယက်ယူဆောင်သွားခံရတယ်လို့ ကြားတယ်။ နေအိမ် ၁ လုံးတော့ စစ်ခွေးတွေ မီးရှို့လို့ မီးလောင်ပြာကျသွာတယ်။ ပြည်သူကိုတော့ ဖမ်းဆီးတာတော့မကြားရပါဘူး” ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ် အစပ်ရှိ စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် စစ်ဘေးရှောင်ပြည်သူ ၁ ထောင်ကျော်မှာ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရသည်။
မေလ ၂၈ ရက်၊ ဇွန်လ ၁ ရက်နှင့် ဇွန်လ ၃ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်း၊ အသေခံဒရုန်းများနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးဖြင့် ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်အစပ်ရှိ ကြောင်ချပ်တောနှင့် ကျောက်ချိန်တောင် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်သည့် ပြည်သူများကို ပစ်မှတ်ထား၍ ဆက်တိုက် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်၏ အရပ်သား စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းများမှ ပြည်သူ ၁ ထောင်ကျော်သည် ဇွန်လ ၅ ရက်နေ့တွင် ဒေသလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပရိဟိတအဖွဲ့များမှ ဘေးလွတ်ရာ နေရာများသို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)




