26.8 C
Yangon

မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်၊ ယင်းမာပင်ရှိ ပြန်လည်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၉

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၉ ရက် ညနေ ၃ နာရီမှ ၃ နာရီ ၄ မိနစ်အထိ မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်၊ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နံနက် ၉ နာရီ ၁၄ မိနစ်၊ ၉ နာရီ ၂၀ မိနစ်နှင့် ၉ နာရီ ၂၉ မိနစ်တို့ တွင် မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် စုစုပေါင်း ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ဇွန်လ ၈ ရက် နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီ ၁၅ မိနစ်အထိ မင်းတပ်မြို့အရှေ့ခြမ်းနေရာ များကို စစ်ကောင်စီ၏ တံတားလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ် ဗုံး ၆ လုံး ကျဲချခဲ့သည့် အပြင် Y- 12 လေယာဉ်ဖြင့် ၄ လုံးတစ်တွဲ၊ ၅ လုံးတစ်တွဲ စသည့်အတွဲလိုက် ၉ ကြိမ် တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ဗုံး အလုံး ၄၀ ကျော် အသုံးပြုခဲ့ကြောင်း၊ အလားတူ ဇွန်လ ၇ ရက် နံနက်ပိုင်းကလည်း မင်းတပ်မြို့ပေါ် နေရာအချို့ကို စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ဇွန်လ ၆ ရက် နံနက်ပိုင်းကလည်း မင်းတပ်မြို့ အရှေ့ခြမ်း တစ်နေရာကို နေပြည်တော်အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလလယ်ခန့်မှစ၍ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သား အင်အား ၂၀၀၀ ခန့်အသုံးပြု၍ ထိုးစစ်ဆင်နေခဲ့ပြီးနောက် ရှေ့တန်းစစ်မျက်နှာတွင် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးလျက်ရှိရာ ယင်းအထိ နာမှုကို တန်ပြန်နိုင်ရန်အတွက် နေ့စဉ် ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် ရန်ပုံ ငွေရှာဖွေပွဲတွင် ပြောဆိုထားသည်။

“အကြမ်းအားဖြင့် ကြည့်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ကန်ပက်လက်မှာဆိုရင် သူတို့ ထိုးစစ်ဆင် တယ်၊ ကျနော်တို့အဆင်သင့်မဖြစ်ခင် ထိုးလို့ရတုန်း ရသလောက်ထိုးတယ်။ ကျနော်တို့က နေရာယူ အဆင့်သင့်ဖြစ်တဲ့အချိန် တန်ပြန်ထိုးလို့ သူတို့ရှေ့မတိုးနိုင်တဲ့အခါကျရင် သူတို့လေယာဉ်တွေ တအား သုံးတယ်။ စစ်ကောင်စီက သူတို့အကြပ်အတည်းရောက်နေပြီဆိုရင် လေယာဉ်တွေ တအားသုံး လာ တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့အကြပ်အတည်းအခက်အခဲဖြစ်ပြီလားဆိုတာ မှန်းဆလို့ရ တယ်၊ ကြည့်လို့ရတယ်။” ဟု CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောဆိုသည်။

မင်းတပ်မြို့နယ်ကို အသက် ပဓာနမထားဘဲ ခုခံတိုက်ခိုက် ကာကွယ်နေကြသော ရဲဘော်များအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးမှုများပေးရန် လိုအပ်နေပြီး ရှေ့တန်းတွင် အသက်ကိုစွန့်၍ ကာကွယ်နေသော ရဲဘော်များ၏ လိုအပ်ချက်များကို နောက်တန်းမှ အုပ်တစ်ချပ် သဲတစ်ပွင့်ဖြင့် ပါဝင်ကူညီအားဖြည့်ပေးကြပါရန် အထူးမေတ္တာရပ်ခံတောင်းဆိုအပ်ကြောင်း ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လည်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေပုလဲအဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့နယ် ရွာသာ(ရွာသာယာ) ကျေးရွာအတွင်းရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ခိုက်ရေးဒရုန်း ၁ စီးဖြင့် ပြန်လည်ကျေးရွာအတွင်းရှိ ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဇွန်လ ၇ ရက်နေ့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့သော မင်းတပ်မြို့ပေါ်မှ ပြည်သူပိုင်နေအိမ်များ။

photo credit – Hkl Mindat

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article