ရန်ကုန်၊ ဇွန် ၂၆
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်တွင် ငါးအသားချောင်းနှင့် အာလူးကြော်ထုပ်များ ထည့်ထားသည့် ကတ်ထူပုံးများအတွင်း ထိုင်းဘတ်ငွေ ၂၃ ဒသမ ၀၂၃ သန်းကို ဖွက်ထားပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ သယ်ဆောင်ထုတ်ယူရန် ကြိုးပမ်းခဲ့သည့် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။
ဇွန်လ ၂၃ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်က မယ်ဆိုင်နယ်စပ်ဂိတ် အမှတ် (၁) ထွက်ခွာပေါက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုင်းအကောက်ခွန် စုံစမ်းစစ်ဆေးရေးနှင့် စစ်ဆေးရေးအဖွဲ့များက မြန်မာနိုင်ငံမှတ်ပုံတင်တပ်ဆင်ထားသည့် ကိုယ်ပိုင်ကားတစ်စီးကို နယ်စပ်ဖြတ်ကျော်ရန် အသင့်ဖြစ်နေချိန် ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကားကို မောင်းနှင်လာသူမှာ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနတွင် နိုင်ငံမှထွက်ခွာရန် နိုင်ငံကူးလက်မှတ် စစ်ဆေးမှုကို ပြီးစီးထားသူဖြစ်ကြောင်း သိရသည်။
ကားအတွင်းကို အသေးစိတ်ရှာဖွေရာ ငါးအသားချောင်းနှင့် အာလူးကြော်ထုတ်များ ထည့်ထားသည့် ကတ်ထူပုံး ၂ ပုံးအတွင်း ထိုင်းဘတ်ငွေ ၁,၀၀၀ တန် ငွေစက္ကူများကို ဖွက်ထားသည်ကို တွေ့ရှိခဲ့သည်။
ပထမပုံးတွင် ဘတ် ၁,၀၀၀ တန် ငွေစက္ကူ ၁၇ စည်း၊ စည်းတစ်စည်းလျှင် ဘတ် ၁ သန်းစီဖြင့် စုစုပေါင်း ဘတ် ၁၇ သန်း၊ ဒုတိယပုံးတွင် ဘတ် ၁,၀၀၀ တန် ငွေစက္ကူ ၆ စည်းနှင့် ဘတ် ၁,၀၀၀ တန် ငွေစက္ကူ ၂၃ ရွက် ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ဘတ် ၆ ဒသမ ၀၂၃ သန်းရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကတ်ထူပုံး ၂ ပုံးအတွင်းမှ သိမ်းဆည်းရမိသည့် ငွေသား စုစုပေါင်းမှာ ၂၃,၀၂၃,၀၀၀ ဘတ် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
ဇွန်လ ၂၆ ရက်နေ့ ထိုင်းအကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဖမ်းဆီးရမိခဲ့သည့် ငွေသားများ၏ ရင်းမြစ်၊ ပိုင်ရှင်နှင့် ဆက်စပ်မှုများကို ပူးပေါင်းစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်သည်။
အာဏာပိုင်များက အဆိုပါငွေများသည် မည်သူပိုင်ဆိုင်သနည်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ရေးကွန်ရက်၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းများ သို့မဟုတ် အခြားနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကွန်ရက်များနှင့် ဆက်စပ်မှုရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေပြီး ဆက်စပ်သူများကို ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
စုံစမ်းစစ်ဆေးမှုအရ အဆိုပါငွေများကို နိုင်ငံခြားငွေလဲလှယ်ရေး ထိန်းချုပ်ရေးအရာရှိ၏ ခွင့်ပြုချက်မရရှိဘဲ နိုင်ငံပြင်ပသို့ ထုတ်ယူရန် ကြိုးပမ်းခဲ့သည့်အပြင် အကောက်ခွန်အရာရှိများထံ ကြိုတင်ကြေညာတင်ပြထားခြင်းလည်း မရှိကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းအာဏာပိုင်များက ငွေသား ၂၃ ဒသမ ၀၂၃ သန်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသားကို ဖမ်းဆီး၍ ဥပဒေအရ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ထိုင်းအကောက်ခွန်ဥပဒေ ၂၀၁၇ ခုနှစ် အက်ဥပဒေ ပုဒ်မ ၂၄၂၊ ပုဒ်မ ၂၅၂၊ ထိုင်းရာဇသတ်ကြီးပုဒ်မ ၈၀ နှင့် ၁၉၄၂ ခုနှစ် နိုင်ငံခြားငွေလဲလှယ်မှု ထိန်းချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသည်။






