ရန်ကုန်၊ ဇွန် ၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့ ညနေ ပိုင်းတွင် ဖားကန့်မြို့နယ် လုံးခင်းရွာထဲကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာသောကြောင့် KIA ပူးပေါင်း တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်တပ် စစ်ကြောင်း အထိနာကာ ပြန်လည် ဆုတ်ခွာသွားသော်လည်း လက်ရှိချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း၊ စစ်တပ်က ထပ်မံ အင်အားသုံး ဝင်ရောက်လာပါက တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ရေကျသွားတော့ အလစ် စစ်ကြောင်းထိုး ဝင်လာလို့ တိုက်ပွဲဖြစ်တာ စစ်ခွေး စစ်ကြောင်းကတော့ အထိနာပြီး နောက်ဆုတ်သွားပြီး စစ်ရေးကတော့ ဆက်လက်တင်းမာနေတုန်းပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့က ဖားကန့်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် ဥရုချောင်းရေ မြင့်တက်ခဲ့ပြီး နေနစ်မြုပ်ခဲ့သောကြောင့် တိုက်ပွဲများ ရပ်နားထားသော်လည်း လက်ရှိ ရေကျချိန်တွင် စစ်တပ်က စစ်ရေးလှုပ်ရှားလာသောကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလပိုင်းမှ စတင်ကာ လုံးခင်းရွာတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲများ နေ့စဉ် ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပါက လူနေရပ်ကွက်များကို စစ်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။




