26.4 C
Yangon

မန္တလေးတွင် စစ်တပ်က KTV များကို စီမံချက်ဖြင့် ဖမ်းဆီးနေသော်လည်း တပ်အဆက်အနွယ်များ၏ ဆိုင်ကို ချန်လှပ်ထားပြီး အခြား KTV များကို အကြီးအကျယ် ငွေညှစ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေသည့် “ရက်တရာစီမံချက်” အရ မန္တလေးမြို့ရှိ KTV လုပ်ငန်းများကို ဆက်တိုက် ဝင်ရောက်စီးနင်းဖမ်းဆီးနေသော်လည်း စစ်တပ်နှင့် နီးစပ်သည့် KTV လုပ်ငန်းများကို မျက်နှာသာပေးထားပြီး ဖမ်းဆီးရေးအဖွဲ့များအတွင်း သိန်းပေါင်းထောင်ချီသော ငွေညှစ်မှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ဖမ်းဆီးရေးလုပ်ငန်းစဉ်ကို သိရှိသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ရက်တရာစီမံချက်အောက်တွင် စစ်တပ်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (CID)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက မန္တလေးမြို့ရှိ KTV များကို လိုင်စင်စစ်ဆေးခြင်း၊ လုပ်ငန်းလိုင်စင် သိမ်းဆည်းခြင်းနှင့် ချိတ်ပိတ်ခြင်းများ ဆောင်ရွက်နေပြီး လက်ရှိတွင် Boss KTV၊ Royal One KTV၊ Power KTV နှင့် Parallel Universe KTV အပါအဝင် KTV ဆိုင်အများအပြား ချိတ်ပိတ်ခံထားရကြောင်း သိရသည်။

သို့သော် ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ဖမ်းဆီးရေးလုပ်ငန်းစဉ်မှာ တရားမျှတမှုမရှိဘဲ စစ်တပ်နှင့် နီးစပ်သည့် လုပ်ငန်းများကို ချန်လှပ်ထားကြောင်း ပြောသည်။

“စစ်တပ်နဲ့ နီးစပ်တဲ့ KTV တွေ၊ သိန်းရာချီ၊ ထောင်ချီပြီး ပေးထားတဲ့ဆိုင်တွေကိုတော့ Show သဘောမျိုး ဝင်စစ်ပြရုံပဲ လုပ်တယ်။ တကယ်အရေးယူတာ မရှိဘူး။ ကျန်တဲ့ဆိုင်တွေကိုပဲ ပိတ်တာ၊ လိုင်စင်သိမ်းတာ၊ ငွေညှစ်တာတွေ လုပ်နေတယ်” ဟု ဖမ်းဆီးရေးအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

၎င်း၏အဆိုအရ NK KTV၊ BOB KTV၊ LX KTV၊ Ever One KTV၊ Maxius KTV နှင့် Grand Park KTV စသည့် စစ်တပ်နှင့် နီးစပ်သည်ဟု လူသိများသည့် KTV များကို ဝင်ရောက်စစ်ဆေးသည့် ပုံစံသာ ပြသပြီး အရေးယူမှုမရှိဘဲ ဆက်လက်လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ်အတွင်း လိုင်စင်ပိတ်သိမ်းခံထားရသည့် Space 29 KTV သည် ဖျော်ဖြေရေးလိုင်စင်အသစ်များ ထပ်မံမချပေးရန် စစ်ကောင်စီက ထုတ်ပြန်ထားသည့်ကြားမှ ၂၀၂၆ ခုနှစ် ဇွန်လကုန်ပိုင်းတွင် “Mandalar 99” အမည်ဖြင့် ပြန်လည်ဖွင့်လှစ်ထားပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“Mandalar 99 က Space 29 ကို နာမည်ပြောင်းဖွင့်ထားတာပါ။ စစ်ဆေးရေးအဖွဲ့လာရင်လည်း ဟန်ပြစစ်ပြီး ပြန်သွားတာပဲ။ ဘာအရေးယူမှုမှ မရှိဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ မန္တလေးမြို့တွင် KTV ဆိုင်ပေါင်း ၃၀၀ နီးပါးရှိနေပြီး ဆိုင်အများစုတွင် “Happy Water” ဟု လူသိများသည့် မူးယစ်ဆေးဝါးများကို အချိုရည်များနှင့် ရောစပ်သောက်သုံးခြင်း၊ ဆယ်ကျော်သက် အမျိုးသမီးငယ်များနှင့် အလုံပိတ်အခန်းများအတွင်း ပျော်ပါးခြင်းများ ပေါ်ပေါက်နေကြောင်း ဒေသခံများက ပြောသည်။

ယင်းအနက် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) နှင့် မူးယစ်ရာဇာများ ဆက်နွယ်သည်ဟု သတင်းထွက်နေသည့် Space One KTV နှင့် Dream Land KTV တို့ကိုမူ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် ဆက်စပ်ကာ လွန်ခဲ့သည့် လေးလခန့်က ချိတ်ပိတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒေသခံများက မူးယစ်ဆေးဝါးနှင့် ဒုစရိုက်လုပ်ငန်းများကို နှိမ်နင်းခြင်းကို ထောက်ခံကြသော်လည်း လက်တွေ့တွင် စီမံချက်ကို အကြောင်းပြ၍ KTV လုပ်ငန်းရှင်များထံမှ သိန်းရာချီ၊ သိန်းထောင်ချီ ငွေညှစ်တောင်းခံခြင်း၊ လာဘ်ငွေယူကာ ပြန်လည်လွှတ်ပေးခြင်းနှင့် စစ်တပ်နောက်ခံရှိသည့် လုပ်ငန်းများကို ချန်လှပ်ထားခြင်းတို့ကြောင့် စီမံချက်၏ တရားမျှတမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်နေကြောင်း သိရသည်။

“မူးယစ်ဆေးဝါးရောင်းတဲ့ KTV တွေကို ဖမ်းတာကို ပြည်သူတွေက ထောက်ခံပါတယ်။ ဒါပေမဲ့ ငွေပေးနိုင်တဲ့ဆိုင်တွေကို ချန်ထားပြီး မပေးနိုင်တဲ့ဆိုင်တွေကိုပဲ အရေးယူတာ၊ စီမံချက်ကို အကြောင်းပြပြီး ငွေညှစ်တာတွေ လုပ်နေတာကတော့ အဂတိလိုက်စားမှုသက်သက်ပဲ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- တပ်နှင့် ဆက်နွယ်နေသော မန္တလေး SPACE 29 KTV ။

Screenshot
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article