30 C
Yangon

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ စာသင်ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချပြီး မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ဦး ဖမ်းဆီးထား၊ ကျေးရွာ ၈ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ စာသင်ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချပြီး မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ဦး ဖမ်းဆီးထား၊ ကျေးရွာ ၈ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ အထက်တန်း စာသင်ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချပြီး မီးရှို့ဖျက်ဆီး ပြည်သူ ၂ ဦး ဖမ်းဆီးခံထားရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်၊ ချမ်းသာရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာရှိ အထက်တန်း ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထန်းပင်ကုန်း ကျေးရွာသား ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်ထား​ပြီး ချမ်းသာရွာ၌ တပ်စွဲထားကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထန်းပင်ကုန်းရွာ၊ ချမ်းသာရွာ၊ ရွာသစ်ရွာ၊ ကုန်းသာရွာ၊ တောင်ခွင်ရွာ၊ မရိုးကုန်းရွာနှင့် ညောင်လှရွာမှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ချမ်းသာရွာက အခု တစ်ကြိမ်နဲ့ဆို ၅ ကြိမ်ရှိပြီ မီးရှို့ဖျက်ဆီးခံရတာ ရွာထဲမှာ အထက်တန်းပြ စာသင်ကျောင်းပဲကျန်တော့တာ အခုစစ်ခွေးတွေက အဲစာသင်ကျောင်းကို မိုင်းဆွဲ ဖြိုချပြီး မီးရှို့လိုက်ပြီး ထန်းပင်ကုန်း ကျေးရွာသား ၂ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရတယ်။ အခုထိ မလွတ်သေးဘူး ချမ်းသာရွာထဲမှာ ဖမ်းထားတုန်း အခုစစ်ကြောင်းက ပေါက်သာ ဆည်ကြီးတို့ကို မီးရှို့သွားတဲ့ စစ်ကြောင်းပဲ စစ်ရှောင်ပြည်သူတွေ အတွက်လည်း အကူအညီတွေ လိုအပ်နေတယ်” ဟု ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ယင်း စစ်ကြောင်းသည် လက်ရှိချိန်၌ ချမ်းသာရွာနှင့် အနီးဝန်းကျင်ရှိ ရွာသစ်၊ သုခါရာမ ကျောင်းတိုက် အတွင်း၊ ချမ်းသာရွာ မြောက်ပိုင်း တောနေကျောင်းတိုက်အတွင်းတို့၌ လူစုခွဲကာ တပ်စွဲထားကြောင်း သိရသည်။

ရေဦးမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ အရေအတွက် များပြားပြီး အရေပေါ် စားနိပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိသောကြောင့် လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး Fcaebook page ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး အဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article