အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဥရောပပါလီမန်ရုံး ခန်းမတွင် “No Time Left” ခေါင်းစဥ်ဖြင့် မြန်မာ့အရေး ဆွေးနွေးပွဲ ညီလာခံ ပြုလုပ်
ရန်ကုန်၊ ဇွန် ၂၂
အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဥရောပပါလီမန်ရုံး ခန်းမတွင် “No Time Left” ခေါင်းစဥ်ဖြင့် Italia – Birmania Insieme အဖွဲ့မှ ဦးစီးဆောင်ကာ မြန်မာ့အရေး ဆွေးနွေးပွဲ ညီလာခံ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ ညီလာခံသည် မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ် ကျဆုံးရေးနှင့် ဒီမိုကရေစီ အမြန်ဆုံးဖြစ်ထွန်းလာစေရေး အတွက် အချိန်မဖြုန်းရန် “NO TIME LEFT” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ညီလာခံကို အမျိုးသား ညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာက အွန်လိုင်းမှ တက်ရောက်ကာ မြန်မာတိုင်းရင်းသားပြည်သူများ၏ အောင်မြင်သည်အထိ တော်လှန်သွားမည့် နွေဦးတော်လှန်ရေးအား အဖက်ဖက်မှ ပံ့ပိုးကူညီပေးကြရန်အတွက် နိုင်ငံတကာမှ အရေးကြီးလုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM လက်ထောက်အတွင်းရေးမှူး ဒေါ်စန္ဒာစိုးမှလည်း အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ မည်သည့်စံနှုန်းမှ မရှိဘဲ မည်သူ့ အခွင့်အရေးကိုမှ မလေးစားသူများလက်ထဲတွင် အလုပ်သမားများကို မထိခိုက်စေလိုဟူသော အကြောင်းပြချက်သည် အဓိပ္ပါယ်ကင်းမဲ့ကာ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ၏ အရေးပါပုံနှင့် ထိရောက်သော ပိတ်ဆို့ အရေးယူမှုများကို အမြန်ဆုံးအကောင် အထည်ဖော်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ဦးခွန်းမြင့်ထွန်းမှလည်း နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါသော ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးနှင့် စစ်ကိုင်း ဖိုရိမ်တို့ အကြောင်းများ တင်ပြ ဆွေးနွေးကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၏ အာဆီယံ သံတမန် ယာဥ်တန်း တိုက်ခိုက်မှုအပေါ် နိုင်ငံတကာမှ နှုတ်ဆိတ်နေပုံကို ဆက်လက်ပြောကြားခဲ့ကြောင်း၊ အောက်ခြေ သုညအခြေအနေမှ စတင်ကာ လက်ရှိခွန်အားအပြည့် အရှိန်အဟုန်နှင့် ရှေ့ဆက်သွားနေသော ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများကို နိုင်ငံတကာမှ ပံ့ပိုးကူညီရန် အရေးပါမှုကို ဆွေးနွေးသွားခဲ့ကြောင်း သိရှိရသည်။
အီတလီ ဆီးနိတ် လွှတ်တော်အမတ် Pier Ferdinando Casini မှလည်း အနောက်နိုင်ငံများ၏ လူထုခေါင်းဆောင်အပေါ် ပံ့ပိုးနားလည်မှု လိုအပ်ချက်များအပေါ် ရှုံ့ချဝေဖန်ကာ မြန်မာ့အရေးအတွက် အစဥ်အာရုံစိုက် အရေးပါနေရန် အတူကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်သွားခဲ့ကြောင်း၊ Italy Amnesty International ပြောခွင့်ရ ပုဂ္ဂိုလ် Riccardo Noury မှလည်း စစ်ကောင်စီ၏ လေယာဥ်လောင်စာဆီ၊ လက်နက်တင်သွင်းမှုများနှင့် ဥရောပနိုင်ငံစီးပွားရေး လုပ်ငန်းအချို့ ပတ်သက်နေမှုများကို တင်ပြကာ မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာမှ လုပ်ဆောင်နိုင်မှုများနှင့် တာဝန်များကို ပြောကြားသွားခဲ့ကြောင်း သိရသည်။
အီတလီအောက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီအဖွဲ့ဝင် Laura Boldrini မှ အီတလီအစိုးရ၊ ဥရောပနှင့် ကုလသမဂ္ဂတို့အပေါ် မြန်မာ့အရေးအတွက် ရှင်းလင်းသည့် ဆုံးဖြတ်ချက်၊ တာဝန်နှင့် အနေအထားများရှိစေရန် အရေးကြီးပုံကို တင်ပြကာ တက်ကြွထိရောက်သော နိုင်ငံရေး ဆုံးဖြတ်ချက်များဖြင့် ပံ့ပိုးရမည်ကို ဆွေးနွေးသွားကြောင်း၊ နိုင်ငံရေးဆိုသည်မှာ မည်သည့်ဖက်မှာ ရပ်တည်မည်ဆိုသည်ကို ဆုံးဖြတ် တာဝန်ယူရန်ဖြစ်ကာ တိကျသော ခံယူချက် စံနှုန်းများမရှိလျှင် နိုင်ငံရေးမဟုတ် အာဏာ ခွဲဝေ ရပ်တည်မှုသာဖြစ်မည်ကို ထောက်ပြပြီး စစ်ကောင်စီကို အသိအမှတ်ပြုသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို မပြုလုပ်ဖို့လိုကြောင်း သတိပေးသွားသည်ဟု သိရှိရသည်။
အဆိုပါ ညီလာခံ ဆွေးနွေးပွဲသို့ အီတလီအစိုးရလွှတ်တော်အမတ်များ၊ အစိုးရ အဖွဲ့ဝင်များ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ သံတမန်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ရေးရာ ပတ်သက်ဆက်နွယ်နေသည့် တရုတ်၊ ရုရှတို့၏ ရပ်တည်မှု၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်မှုများ အာဆီယံနိုင်ငံများဆိုင်ရာ ရပ်တည်မှုများနှင့် လုပ်ဆောင်ချက်များ၊ အီတလီကုမ္ပဏီကြီးဖြစ်သော Danieli နှင့် မြင်းခြံသံမဏိစက်ရုံဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်သော အရေးယူလုပ်ဆောင်ရန် လိုအပ်ချက်များ၊ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးနိုင်ရန် ကြိုးပမ်းရေး အရေးပါပုံများကို ဆက်လက် ဆွေးနွေး တင်ပြသွားခဲ့ကြောင်း သိရသည်။