27 C
Yangon

မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် တစ်လကျော်ကြာသည့်တိုင် စစ်ကောင်စီက နိုင်ငံတကာ လူမှုကယ်ဆယ်ရေးများဝင်ရောက်ခွင့်ကို ပိတ်ပင်ထားဆဲဟု ကုလသမဂ္ဂပြောဆို

Must read

မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် တစ်လကျော်ကြာသည့်တိုင် စစ်ကောင်စီက နိုင်ငံတကာ လူမှုကယ်ဆယ်ရေးများဝင်ရောက်ခွင့်ကို ပိတ်ပင်ထားဆဲဟု ကုလသမဂ္ဂပြောဆို

■ ရခိုင်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ကိုင်နေသော တရုတ်နိုင်ငံက မုန်တိုင်းပြည်သူများကို ကူညီမှု မစို့မပို့သာ မြင်ရဟု မုန်တိုင်းသင့်ပြည်သူများပြော

ရန်ကုန်| ဇွန် ၂၃

ဆိုင်ကလုန်းမိုခါမုန်တိုင်းအပြီး တစ်လကျော်အကြာတွင် မြန်မာစစ်တပ်ဦးဆောင်သော စစ်ကောင်စီက လူသားချင်းစာနာမှုဆိုင်ရာဖွဲ့အစည်းများကို လက်ရှိထုတ်ပေးထားသည့် ခရီးသွားခွင့်ပြုမိန့် Tas များ ယာယီဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ယူအန်အိုချာအဖွဲ့က ယနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ပြောသည်။

စစ်ကောင်စီက ထိုကဲ့သို့ လူမှုကယ်ဆယ်ရေးအကူအညီများ ဖြန့်ဝေခွင့်နှင့် ဝင်ရောက်ကူညီခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ကန့်သတ်ထားခြင်းသည် ရခိုင်ပြည်တလွှားတွင် ဆောင်ရွက်ဆဲ မိုခါမုန်တိုင်းတုန့်ပြန်ကူညီမှုလုပ်ငန်းများကို ထိခိုက်နေကြောင်း ဆိုသည်။

စစ်ကောင်စီ၏ ရုတ်တရက်ဆုံးဖြတ်ချက်သည် မုန်တိုင်းဒဏ်သင့်ဒေသခံလူထု၏ ဆိုးရွားနှင့်ပြီးသား စားဝတ်နေထိုင်ရေးအခြေအနေများကို ပိုမိုဆိုးရွားစေသလို မုတ်သုန်ရာသီနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ၊ ရေကြီးရေလျှံဖြစ်ပွားမှုများတို့ကလည်း မုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများကို ပြင်းထန်သောအကျိုးဆက်များ ရှိနေသည်။

ထိုကြောင့် လိုအပ်ချက်များ များပြားနေသောဒေသခံများထံသို့ ဝင်ရောက်ကူညီခွင့်များ ကျယ်ကျယ်ပြန့်ပြန့်ရရှိရန်အတွက် နေပြည်တော်နှင့် ပြည်နယ်အဆင့်ရှိ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ယူအန်အိုချာက ဆိုသည်။

ယင်းကဲ့သို့ ကန့်သတ်ချက်များရှိနေသော်လည်း ရခိုင်ပြည်တစ်ခုတည်းမှာပဲ လူပေါင်း ၃၈၀,၀၀၀ ခန့်အတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ ပံ့ပိုးပြီးဖြစ်သလို လူပေါင်း ၁၄၄,၀၀၀ ကျော်အတွက် အမိုးအကာနှင့် တခြား လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးနိုင်ခဲ့သည်။

ယင်းအပြင် လူဦးရေ ၁၂,၅၀၀ ခန့်အတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သလို ရခိုင်ပြည်၏ ဦးစားပေး (၈) မြို့နယ်ရှိ အသက် ၅ နှစ်အောက်ကလေး ၇,၀၀၀ ကျော်နှင့် ပြုစုစောင့်ရှောက်ပေးသူ ၁,၅၀၀ ကျော်တို့အတွက် အစာအာဟာရအကူအညီများ ပံ့ပိုးနိုင်ခဲ့ကြောင်း ယူအန်အိုချာက ပြောသည်။

မိုခါမုန်တိုင်းဒဏ်ခံလူဦးရေ ၁ ဒသမ ၆ သန်းကို ကူညီရန်လျာထားသော အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းတောင်းခံထားရာမှာ ၂၄ ဒသမ ၂ သန်းမျှသာ ရရှိထားသည့်အတွက် ရန်ပုံငွေဆက်လက်ထည့်ဝင်ရန်လည်း အရေးတကြီးလိုအပ်နေသည်။

ထို့ပြင် ယူအန်အပါအဝင် အိုင်အန်ဂျီအိုအဖွဲ့များနှင့် အိန္ဒိယ၊ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ရခိုင်ပြည်က နေအိမ်များအတွက် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေချိန် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများ မတွေ့ရသည်ကို ဒေသခံပြည်သူများက ဝေဖန်နေကြသည်။

အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှား စသည့် အိမ်နီးချင်းနိုင်ငံများက စားနပ်ရိက္ခာအပါအဝင် ဆေးဝါးများနှင့် အမိုးအကာများ စသဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်သူများအတွက် စစ်ကောင်စီထံ ကူညီထောက်ပံ့ပေးနေသော်လည်း တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ယနေ့အချိန်အထိ မတွေ့ရသေးပေ။

မုန်တိုင်းကြောင့် နေအိမ်ပြိုပျက်စီးသွားသော စစ်တွေဒေသခံ ဦးကျော်မြင့်သန်းက “တရုတ်နိုင်ငံက ကူညီထောက်ပံ့တာပါဆိုတဲ့ အကူအညီတွေ အခုထိ မရသေးဘူး။ တခြားအိမ်နီးချင်းနိုင်ငံတွေက စစ်ကောင်စီဆီမှာ ဆေးဝါးတွေဘာတွေ၊ အသင့်စားအစားအစာတွေ လှူတာတွေကို တွေ့ရတယ်။ ဒါပေမယ့် တရုတ်ရဲ့ အကူအညီကို မတွေ့ရဘူး။ တရုတ်က ရခိုင်ပြည်ကနေ အင်မတန်တန်ဖိုးရှိတဲ့ ရွှေဂတ်စ်တို့၊ ရေနံတို့ကို နေ့စဉ်ယူနေပေမယ့် ရခိုင်ပြည်အတွက် ကူညီထောက်ပံ့ပေးတာ မလုပ်ပေးဘူး။ တရုတ်ရဲ့ တကယ့်စိတ်ရင်းစေတနာကို သိရပါတယ်” ဟု ပြောသည်။

အင်အားအလွန်ပြင်းသည့် မိုခါမုန်တိုင်းကို ဆိုးရွားစွာ ခံခဲ့ရသော ရခိုင်ပြည်မှာ ပြည်သူ ၁၂ သိန်းကျော် ထိခိုက်ခဲ့ပြီး လူနေအိမ်များ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် လယ်ယာလုပ်ငန်းများ ပျက်စီးဆုံးရှုံးသွားသည့်အပြင် လျှပ်စစ်နှင့်လမ်းတံတားများလည်း ပျက်စီးကာ ယခုအချိန်အထိ နလန်မထူနိုင်ကြသေးပေ။

၎င်းတို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ယူအန်အပါအဝင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးပြုလုပ်ရန် အားကြိုးမာန်တက်လုပ်နေသော်လည်း မြန်မာနိုင်ငံတွင် စီးပွားရေးအများဆုံးလုပ်နေသော တရုတ်နိုင်ငံက မကူညီပေးခြင်းသည် တရုတ်တို့၏ အကျင့်စာရိတ်ဖြစ်ကြောင်း ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

“အိန္ဒိယဆို နှစ်ကြိမ်တောင်ရှိပြီ။ ကျနော်သိသလောက်ပေါ့။ ဆေးဝါးတွေ အများကြီးပဲ။ တရုတ်က လှူတာ မတွေ့ရဘူး။ တရုတ်တွေရဲ့ အကျင့်က သူတစ်ပါးကို လှူဒါန်းတာ စေတနာမရှိကြဘူး။ တခြားသူတွေဆီက ယူမယ်ဆိုရင် ထိပ်ဆုံးကပဲ။ ရခိုင်ပြည်က တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆို တရုတ်က အားလုံးယူချင်နေတာ။ ဖွံ့ဖြိုးတိုးတက်ရေးတွေကျတော့ မလုပ်ပေးဘူး။ တရုတ်တွေရဲ့ အကျင့်စရိတ်က အင်မတန်ဆိုးပါတယ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောသည်။

တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းများမှ ရက္ခိုင့်တပ်တော် ULA/AA ထံ ရခိုင်ပြည်မုန်တိုင်းကယ်ဆယ်ရေးပြုလုပ်ရန် မြန်မာငွေကျပ် သိန်းထောင်ချီလှူဒါန်းကြသော်လည်း တရုတ်နိုင်ငံက ရက္ခိုင့်တပ်တော်ထံ လှူဒါန်းခြင်းမရှိသေးပေ။

စစ်ကောင်စီအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများမှ လှူဒါန်းပေးသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ လှူဒါန်းထားသော ထောက်ပံ့ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်သော ရခိုင်ပြည်သူများအား ပြည့်ပြည့်ဝဝ လှူဒါန်းပေးခြင်းမရှိသေးကြောင်း သိရသည်။

ရွာလုံးကျွန်းနေအိမ်များပြိုပျက်စီးခြင်း၊ အသေအပျောက်ရှိခဲ့သော မိသားစုဝင်များအား စစ်ကောင်စီမှ ထောက်ပံ့ပေးမှု မရှိဘဲ အလှူရရှိထားသော ကယ်ဆယ်ရေးပစ္စည်းများကို ထိန်းသိမ်းထားကြောင်းနှင့် ထောက်ပံ့ပေးသော ပစ္စည်းအချို့ကိုလည်း အရည်အသွေးကောင်းမွန်ခြင်းမရှိကြောင်း ဒေသခံများက ပြောကြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသော မြန်မာပြည်သူများအတွက် ပြီးခဲ့သည့် ဇွန် ၁၃ရက်နေ့က ကန်ဒေါ်လာ ၄၇၅၀၀ တန်ရှိသော ခြင်ထောင်နှင့် စောင်များ ကယ်ဆယ်ရေးပစ္စည်းများတွင်ပါဝင်ကြောင်း စစ်ကောင်စီ၏ မီဒီယာများမှ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ထိုပစ္စည်းများသည့် မုန်တိုင်းသင့်ပြည်သူများသို့ ရောက်ရှိမှု ရှိ၊ မရှိဆိုသည်ကို စစ်ကောင်စီဖက်မှလည်း တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးကြောင်း ရခိုင်လူမှုကယ်ဆယ်‌ရေးလုပ်နေသူများက ဝေဖန် ပြောဆိုသည်။

စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်က ကျေးရွာအချို့တွင် စစ်ကောင်စီက သံဖြူအဟောင်းကို ထောက်ပံ့ခြင်း၊ တာလပတ်အနည်းငယ်နှင့် ဆန်အနည်းငယ်သာ ထောက်ပံ့ပေးကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကို ခံခဲ့ရသော ရခိုင်ပြည်သူ အများအပြားမှာ မုန်တိုင်းတိုက်ခတ်ပြီး တစ်လကျော် ကြာမြင့်လာသော်လည်း ယနေ့အချိန်အထိ အမိုးအကာအောက်သို့ ရောက်ရှိခြင်းမရှိသေးကြောင်းနှင့် စားနပ်ရိက္ခာမှာလည်း များစွာလိုအပ်နေသေးကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇ ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း ၂၅ ခုထိရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇ ခုမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု မိန့် ပေးထားသည့် စီမံကိန်းများဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၇ ခုတွင် စွမ်းအင်ကဏ္ဍ(ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း) ၂၅ ခုရှိပြီး သတ္တုကဏ္ဍ ၁ ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍ ၁ ခုရှိကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှာ ရခိုင်ပြည် ကျောက်ဖြူတွင် အများဆုံးလုပ်ကိုင်ကြကြောင်းသိရသည်။

ဓာတ်ပုံ- မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုအပြီး မြင်ကွင်း။

Photo- AFP ။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article