အမေရိကန်ဒေါ်လာ သန်းရာချီသော လည်ပတ်ငွေ အပါအဝင် ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးသည့် အတွက် Pact Myanmar အဖွဲ့ မြန်မာနိုင်ငံမှ ပိတ်သိမ်းထွက်ခွာရဟု အဖွဲ့ ဥက္ကဋ္ဌ ရှင်းလင်း
ရန်ကုန်၊ ဇွန် ၂၇
မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်း အောင်မြင်လျက်ရှိသော Pact Myanmar ခေါ် Pact Myanmar ခေါ် Pact Global Microfinance Fund ၏ အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးတောင်းခံလာသည့်အတွက် လုပ်ငန်းများရုပ်သိမ်းထွက်ခွာခြင်း ဖြစ် ကြောင်း PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က တရားဝင် ကြေညာချက် ထုတ်ပြန်သည်။
၂၅ နှစ်တိုင်အောင် အမျိုးသမီးတောင်သူများထံ အသေးစားချေးငွေများ ပေးအပ်ခဲ့ သည့် PGMF သည် ဇွန် ၃၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း လုပ်ငန်း လည်ပတ်မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း၊ အဖွဲ့ကို မှတ်ပုံ တင်ခွင့်ပြုရန် စစ်ကောင်စီက ငြင်းဆန်သည့်အပြင် နိုင်ငံကထွက်လျှင် ထွက် ၊ မထွက်လျှင် တရားမဝင်လုပ်ငန်းလည်ပတ်ရန် ဖိအားပေးခဲ့ကြောင်းသူက ပြောသည်။
“ကျွန်မတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်တော့ ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုဖို့ မြန်မာစစ်တပ်ကို နားချခဲ့ ပါတယ်။ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် စစ်တပ်က နိုင်ငံ ကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအား ပေးခဲ့ပါတယ်။” ဟု PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က ပြောသည်။
စစ်ကောင်စီက PGMF အဖွဲ့၏ ပိုင်ဆိုင်မှုများနှင့် အကျိုးအမြတ်များကို လွှဲပေး ရန် တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်ကို လိုက်နာရန် မဖြစ်နိုင်သဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းဖြစ်သည်ဟု Pact Myanmar အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်းမှ ငွေချေးသူ ၈၉၀,၀၀၀ အတွက် ကြွေးမြီ အမေရိကန် ဒေါ် လာ ၁၅၆ သန်းကျော်ကို လျှော်ပစ်ခဲ့ရပြီးနောက် မြန်မာနိုင်ငံရှိ PGMF ကို ပိတ် သိမ်းတော့မည်ဖြစ်ကြောင်း၊ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ခန့်အတွင်း အမျိုးသမီး ချေးငှား သူများ၊ ငွေစုသူများ အများစုပါဝင်သော လူဦးရေ ၂ ဒသမ ၃ သန်းကို ဝန်ဆောင်မှုပေးခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အသေးစားငွေချေး လုပ်ငန်း ကို ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ရသည်မှာ လွယ်ကူသည် မဟုတ်ကြောင်း၊ ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီက ခွင့်ပြုချက်အတွက် အဖိုးအခ အနေ ဖြင့် အဖွဲ့အစည်း၏ အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်တွင် အစိုးရ လက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ အမေရိကန် ပိတ်ဆို့ အရေး ယူမှု ဥပဒေကို ချိုးဖောက်မှုဖြစ်လာနိုင်သည့်အချက် အပါအဝင် အကြောင်း အရင်းများစွာကြောင့် လိုက်နာရန် မဖြစ်နိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။
စစ်ကောင်စီက PGMFကို ဖောက်သည်များထံ ချေးငွေအသစ် မပေးရန် ပိတ်ပင်ခဲ့ပြီး အဖွဲ့အစည်း၏ အကြီးပိုင်း ခေါင်းဆောင်များ၏ ဗီဇာများကို ပယ်ချခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှုများကို တင်းကျပ်စွာ ထိန်းချုပ် လိုက်ခြင်းကြောင့်လည်း PGMF၏ လုပ်ငန်းလည်ပတ်မှုများကို ထပ်မံ ကန့် သတ်လိုက်သလို ဖြစ်စေကြောင်း၊ ယမန်နှစ်က ပြဋ္ဌာန်းခဲ့သည့် မှတ်ပုံ တင်ခြင်း ဥပဒေ တွင် ရာဇဝတ်မှုပြစ်ဒဏ်များ ချမှတ်ထားပြီး PGMFကဲ့သို့သော အစိုးရ မဟုတ်သော အဖွဲ့အစည်းများအနေဖြင့် အသေးစားချေးငွေများ မပေးရန် ပိတ်ပင်လိုက်ကြောင်း၊ PGMF အဖွဲ့ကို မှတ်ပုံတင်ခွင့် မပြုဘဲ အစိုးရသည် မြန်မာနိုင်ငံမှ ထွက်ခွာလျှင် ထွက်ခွာ သို့မဟုတ် တရားမဝင် လည်ပတ်ရန် ဖိအားပေးလျက် ရှိကြောင်း သိရှိရသည်။
PGMFသည် မြန်မာနိုင်ငံမှ ရွာပေါင်း ၁၅၀၀၀ နီးပါးနှင့် ဖောက်သည်ပေါင်း ၂ ဒသမ ၃ သန်းအတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့ပြီး ၉၉ ရာခိုင်နှုန်း သည် အမျိုးသမီးများ ဖြစ်ကြောင်း၊ အသေးစားချေးငွေကို မြန်မာနိုင်ငံရှိ အိမ် ထောင်စု ၁၀စုလျှင် ၁စုနှုန်း ထံ လက်လှမ်းမီစေခဲ့ကြောင်း ၊ မြန်မာနိုင်ငံရှိ အသေးစားငွေချေး လုပ်ငန်းကို တည်ဆောက်ရာတွင် အရေးပါပြီး အမျိုးသမီး ဖောက်သည်များ များပြားမှုသည် ကျားမတန်းတူညီမျှမှုနှင့် နိုင်ငံတွင်း ဆင်းရဲမှု လျှော့ချရေးတို့တွင် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း အဆိုပါအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။