ဆားလင်းကြီးရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေပြီး စစ်တပ်၏ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော် ပြာကျ
ရန်ကုန်၊ ဇွန် ၂၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးတင်ရှို့နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ရွာများကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီး မှုကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ပြည်သူပိုင် နေအိမ် ၂၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
” စစ်ခွေးတွေက ဒီနေ့လည်း မီးထပ်ရှို့နေတယ်။ မွန်းလွဲ ၃ နာရီကျော်လောက်က စရှို့နေတာ ညောင်ပင်ကြီးကျေးရွာအုပ်စုက ရွာတွေကို စစ်ခွေးတွေ နေ့စဥ် မီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ ကျော် မီးလောင် ပြာကျခဲ့တယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇွန်လ ၉ ရက်နေ့က စတင်ကာ ညောင်ပင်ကြီးရွာ၌ တပ်စွဲပြီး ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၂၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ညောင်ပင်ကြီးကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၅၀၀၀ ကျော်သည် လက်ရှိ အချိန်အထိ စစ်ဘေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့