စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို စစ်တပ်က စီးနင်းပြီး စစ်ရှောင်ကားကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူအများအပြား ဖမ်းဆီးခံရ
ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး စစ်ဘေးရှောင်ကား ၁ စီးကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် စီးနင်းပြီး စစ်ဘေးရှောင် ကား ၁ စီးကို ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်မမ နဖူးကျည်ထိမှန်သေဆုံးပြီး အသက် ၄၅ နှစ်အရွယ် မနုနုဝင်း လက်ထိမှန် ဒဏ်ရာရကာ အသက် ၆ နှစ်အရွယ် မျိုးနိုင်ဝင် ဦးခေါင်းထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း၌ ပြည်သူ အများအပြား ဖမ်းဆီးခံထားရကြောင်း သိရသည်။
” ဒီနေ့ နံနက် ၅ နာရီခန့်က စစ်ကိုင်းမြို့နယ် စမွန်းရွာကို စစ်ခွေးတွေ လက်နတ်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့ပြီး စစ်ဘေးရှောင်ကားကို ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၀က်လက်မြို့နယ်၊ ထန်းကြီးရွာဘက်မှ စမွန်းရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ရွာထဲ၌ ပြည်သူအများအပြားကို လက်ရှိချိန်ထိ ဖမ်းဆီးထားကြောင်း သိရသည်။



