စစ်ကောင်စီနှင့်လက်တွဲနေသော ALP မှ တပ်ရင်းမှူးတစ်ဦး၊ ဒုဥက္ကဌနှင့် တပ်သား အဆင့်ရှိသူတို့ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၂
စစ်ကောင်စီနှင့် လက်တွဲနေသော ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP/ALA)မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် ပါတီ ဒုဥက္ကဌတစ်ဦးနှင့် တပ်သား ယာဉ် မောင်း တစ်ဦး စုစုပေါင်း ၃ ဦးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများက ပစ်သတ် သွား ခဲ့သည်။
ရခိုင်ပြည်၊ စစ်တွေတက္ကသိုလ်နှင့် မင်းဂံရပ်ကွက် အကွက် (၃) အကြား ရထားသံလမ်းဆုံတွင် ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ALP တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများက ပိတ်ဆို့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အနီးအနားရှိ မျက်မြင်များက ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် နေရာတွင် သုံးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း သေဆုံးသူ များနှင့် ဒဏ်ရာရရှိသူများအား စစ်တွေပြည်သူ့ ဆေရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သေနတ်နဲ့ ပစ်ခတ်ခံရတာကတော့ စုစုပေါင်း ၆ယောက်ပါ။ အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသွား တာက သုံးယောက်သေပါတယ်။ ဆေးရုံးကို သုံးယောက် ပို့လိုက်ရပါတယ်။ ဒဏ်ရာရတဲ့ သုံးယောက် ကတော့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး။ ဆေးရုံးရောက်တာနဲ့ ချက်ချင်း ခွဲစိတ်မှုပြုလုပ်ပါတယ်။ ဒဏ်ရာရတဲ့ သုံးရာမှာ ပေါင်းမှာ တစ်ယောက်ထိတယ်။ ပြီးတော့ နောက်ကျောကုန်း ကို ရှပ်ထိ သွားတယ်။ သုံးယောက်က ဒဏ်ရာမပြင်းထန်လို့ မစိုးရိမ်ရပါဘူး “ဟု သတင်းရင်းမြစ်က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူမှာ ALPမှ ကိုဗိုလ်မင်း၊ ကိုကျော်ရဲအောင်၊ ကိုကျော်မင်းစိုးတို့မှာ ခြေသလုံးနှင့် ဒူးဆစ် အထက်ပိုင်းနှင့် ကျောကုန်းတွင် ရှပ်ထိ ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့ကို စစ်တွေပြည်သူ ဆေးရုံ တွင် ညတွင်းချင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ကြောင်း ကူညီဆောင်ရွက်နေသူ တချို့က ပြောသည်။
သေဆုံးမှုတွင် ALP မှ ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည်ဆိုသည်ကို အတည်ပြုနိုင်ရန် ALP မှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်မင်းသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသလို ပါတီဥက္ကဌ ဒေါ်စောမြရာလင်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
သို့သော်လည်း ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီနှင့် နီးစပ်သူတစ်ဦးက သေဆုံးမှုထဲတွင် တပ်ရင်းမှူးတစ်ဦးနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ဦးတို့ ပါဝင်ကြောင်း ပြောဆိုသည်။
“ALP က တပ်ရင်းမှူး တစ်ယောက်ပါတယ်။ ပြီးတော့ ထိပ်ပိုင်းခေါင်းဆောင် ပါတီဒုက္ကဌ ပါတယ်။ တပ်သားယာဉ်မောင်းတစ်ယောက်ပါတယ်။ စုစုပေါင်း ၆ ယောက် ကားပေါ်မှာ ပါသွားတာပါ။ အခင်း ဖြစ်တဲ့နေရာမှာတင် ၃ ယောက် ပွဲချင်းပြီးတော့ သေဆုံးသွားပါတယ်။ ပါတီက အစည်း အဝေး အပြီးမှာကားနဲ့ ထွက်လာကြတယ်။ အဲ့ဒီမှာ လမ်းမှာ သတ်ဖြတ်ခံရတာပါ”ဟု ALP ပါတီနှင့် နီးစပ်သူက ပြောသည်။
ထို့အပြင် ရခိုင်ပြည် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။ အဆိုပါ ပစ်ခတ်မှုအနီး ဘုမေရပ်ကွက်ရှိပြီး ယင်းရပ်ကွက် အနီးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ၏ ရုံးစိုက်သည့် မြေနေရာရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ ကလည်း စစ်တွေမြို့တွင် စစ်ကောင်စီက ကျင်းပခဲ့သည့် လွတ်လပ် ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည့် စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ် မြောက် ရေးပါတီ ALP က စစ်ဦးစီးချုပ်နှင့် ထိပ်ပိုင်း အရာရှိ ၂ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)


