24 C
Yangon

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး၊ အကြမ်းဖက်စစ်သားများက ရွာသား ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ပြီး စစ်သား အလောင်းများနှင့် အတူ ဈေးဆိုင်ခန်းအတွင်း ထည့်ပြီး မီးရှို့သွား

Must read

ရန်ကုန်၊ မတ် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သောက်ရေခပ်ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့ယာဉ်တန်း မတ်လ ၈ ရက် မနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“ယာဒိုအပေါ်ဘက်မှာ စစ်ကောင်စီ ဂိတ်ရှိတယ်၊ အဲဒီကို သွားပို့တာ။ အပြန်မှာ မိုင်းဆွဲခံရပြီး နောက်ဆုံး စစ်ကား ၁ စီး ထိသွားတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ကဆောပလို (အောက်) ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ အမျိုးသား ၁ ဦးကို ပစ်သတ်ကာ ၎င်း၏‌ ဈေးဆိုင်အတွင်း သေဆုံး စစ်သား ၃ ဦး၏ အလောင်းများနှင့်အတူ မီးရှိ့ ဖျက်ဆီးသွားကြောင်းလည်း သိရှိရသည်။

အကြမ်းဖက် စစ်သား များ မီးရှို့မှုကြောင့် ခရစ်ယာန် ဘုရားကျောင်း ၁ ဆောင်၊ နေအိမ် ၂ လုံးနှင့် ဈေးဆိုင် ၁ ခန်း မီးလောင် ပျက်စီးသွားခဲ့သည်။

သောက်ရေခပ်ကျေးရွာသည် တောင်ငူ-ယာဒို-ဆီဘူး-ဒီးမော့ဆို ကားလမ်းပေါ်ရှိ သောက်ရေခပ်ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေနှင့် ကယန်းပြည်သစ် ထိန်းချုပ်နယ်မြေကြားတွင် တည်ရှိသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မည်သည့်အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့ မတ်လ ၉ ရက် ည ၁၀ နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် သောက်ရေခပ်ကျေးရွာအနီးရှိ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ဟောင်းကို မီးရှို့ဖျက်ဆီးသွားကြောင်း အဆိုပါ ဂိတ်တွင် KNLA တပ်ဖွဲ့ဝင်များ တပ်စွဲခြင်းမရှိကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article