မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ကန်နီရွာရှိ ပျူစောထီးများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၂
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ကန်နီရွာရှိ ပျူစောထီးများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Salingyi Special Task Force – SSTF အဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် မြိုင်မြို့ပေါ်ရှိ မြို့မရဲစခန်းကို Shar Htoo Waw Drone နည်းပညာ (မောင်းသူမဲ့လေယာဉ်) များစွာအသုံးပြု၍ တော်လှန်ရေး တပ်ဖွဲ့များက ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း မြိုင်မြို့နယ်ထဲရှိ စစ်တပ် ထောက်တိုင် တောင်ကန်နီရွာရှိ ပျူစောထီးများကို Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့လေယာဉ် များစွာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Salingyi Special Task Force – SSTF Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊ မြိုင် ပ က ဖ တပ်ရင်း၂ နှင့် TTA (ရွှေဘို) အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။