31 C
Yangon

ကျောက်တံခါးမြို့နယ်ရှိ တလိုင်းခင်ရွာနှင့် နံဇရွာ သင်္ချိုင်းကုန်းအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူ များပြား

Must read

ကျောက်တံခါးမြို့နယ်ရှိ တလိုင်းခင်ရွာနှင့် နံဇရွာ သင်္ချိုင်းကုန်းအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇူလိုင် ၂၂

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ တလိုင်းခင်ရွာနှင့် နံဇရွာ သင်္ချိုင်းကုန်း အနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၂၁ နေ့ ည ၇ နာရီကျော်ခန့်တွင် ကျောက်တံခါးမြို့နယ် နံဇရွာ နှင့် တလိုင်းခင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇ ၊ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ ၊ ဖြူးအခြေစိုက် ၃၀၈ တို့မှ စစ်သားများ ပါဝင်သည့် စစ်ကြောင်းကို တလိုင်းခင်ရွာနှင့် နဇံရွာ သင်္ချိုင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ နှစ်ဖက်အပြန်အလှန် ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ကျော်ကြာဖြစ်ပွားခဲ့ပြီး KNLA / PDF ပူးပေါင်းတပ်များက နယ်မြေခံများ၏ သတင်းပေးမှုကြောင့် အသင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ ၂၁ ရက်နေ့ ည ၇နာရီ ကျော်လောက် ရှိပြီပေါ့။ နယ်မြေစိုးမိုးမှု ပြန်ယူချင်တဲ့ စကစ ဘက်ကနေ စစ်ကြောင်းထိုး ၀င်ရောက်လာတာ ကျောက်တံခါး တောရကျောင်း တော အတန်းတက် လာတယ်လို့ နယ်မြေခံတွေက သတင်းပေးထားတယ်။ ညက ဖြစ်စဥ်မှာ သူတို့က ရွာလမ်းအတိုင်းမလာဘူးလေ။ သင်္ချိုင်းဘက်ကနေ ပတ်ဝင်တာ။ မိုင်းထောင်ပြီး အသင့်စောင့်နေတာ။ နှစ်ဖက်တိုက်ပွဲ ၃၅ မိနစ်လောက် ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ အတွင်းသတင်းအရ ၁၅ သေတယ်လို့ ပြောတယ်” ဟု KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က နယ်မြေစိုးမိုးမှုရရှိရန် စစ်ကြောင်းများထိုး၍ လုပ်ဆောင်နေပြီး စစ်ကြောင်းထိုး၍ တိုက်ပွဲများ ဖြစ်ပွားချိန်တွင်လည်း အထိနာလျက်ရှိကာ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်လျက်ရှိကြောင်း၊ ဇူလိုင် ၂၀ ရက်နေ့တွင်လည်း နံဇကျေးရွာသို့ ဝင်ရောက်၍ နေအိမ် ၂၀ ထက်မနည်းကို မီးတင်ရှို့ခဲ့ပြီး ဒေသပြည်သူ ၁၇ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

“စစ်ကားပေါ် လက်နက်ကြီး ၁၂၀ မမ ကားပေါ်တင်ပြီး KNLA , PDF တွေ ဘယ်ကို လာနေပြီပေါ့ ထင်ယောင်ထင်မှားနဲ့ ရမ်းသမ်းပစ်ခတ်နေတာ။ ခွေးတွေက အခုနောက်ပိုင်းမှာ အထိုင်တပ် မလုပ်တော့ဘူး။ တော်လှန်ရေးအင်အားစုတွေကို ကြောက်နေပြီလေ မနေ့က ၃ နာရီ နဲ့ ၄နာရီ ကျော်မှာ သူဌေးကုန်း အရှေ့ဘက် ငါးဖယ်အင်း ၊ အလှိုင် ၊ တောင်ခင် ၊ လေးအိမ်စု ကို တော်လှန်ရေး အင်အားစုတွေ လာမယ်ဆိုတာ သိရက်နဲ့ ဒီကောင်တွေ ကြောက်ပြီး ပတ်ပြေးတာ။ လက်ရှိအခြေအနေ မှာ ဒီကောင်တွေ စစ်ကြောင်းမထိုးနဲ့ ထိုးတဲ့နေရာ မုန့်ဟင်းခါး ဖြစ်တာပဲ။ အခုလည်း စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပါလို့ပြောချင်တယ်” ဟု KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကျောက်တံခါးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု လက်နက်ကြီးများဖြင့် ရမ်းမ်းပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း ၃၇ ရွာမှ ဒေသပြည်သူ ၄၅၀၀ ကျော်တို့ နေအိမ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article