မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၂၁ ဦးသေဆုံးပြီး ထောင်ဒဏ်ချမှတ် ခံရသည့် အမျိုးသမီး ၂၂ ဦးရှိ
ရန်ကုန်၊ ဩဂုတ် ၅
မြန်မာနိုင်ငံ တစ်ဝန်း ဇူလိုင်လအတွင်း အကြမ်းဖက် စစ်တပ် သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၂၁ ဦးသေဆုံးခဲ့ကြောင်း Bumese Women’s Union က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အသက်သေဆုံးရသည့် အမျိုးသမီး ၂၁ ဦးတွင် ၁၁ ဦးမှာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပြည်သူများနေအိမ်သို့ ပစ်ခတ်ရာတွင် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး ၆ ဦးမှ အကြမ်းဖက်စစ်သားများ၏ ပစ်သတ်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ၃ ဦးမှာမူ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် အသက်ဆုံးရှုံးခံရခြင်းဖြစ်ကာ ကျန် ၁ဦးမှာ အကြမ်းဖက်စစ်သားများမှ ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ဇူလိုင်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ဖမ်းဆီးခြင်းခံရသည့် အမျိုးသမီးများမှာမူ ၁၉ ဦးအထိ ရှိပြီး အများစုမှာ မည်သည့် စွတ်စွဲချက်ဖြင့် ဖမ်းဆီးသည်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ စစ်သားနှင့် ရဲများကို ဘက်ပြောင်းရန် ပို့စ်ရေးသားခြင်းများကြောင့် ဖမ်းဆီးခံရခြင်းများလည်း ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်နွှယ်မှုရှိသည်ဆိုသည့် စွတ်စွဲချက်များဖြင့် ဖမ်းဆီးခံရခြင်းများလည်း ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ရုံးများအနီး ပေါက်ကွဲစေတတ်သည့် ဗုံးများနှင့် ဆက်စပ်သည်ဟူသည့် စွတ်စွဲချက်များနှင့် ဖမ်းဆီးသည်များလည်း ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဖမ်းဆီးခံထားရသည့် အမျိုးသမီးများမှာ ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီနှင့် မွန်ပြည်နယ်တို့မှ ဖြစ်ကြပြီး ဖမ်းဆီးခံရသူများတွင် ပဲခူးတိုင်းမှာ ၅ ဦးဖြင့် အများဆုံးဖြစ်ကာ တနင်္သာရီတိုင်းမှာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိင် ၂၇ ရက်နေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည့် အမျိုးသမီးများ ၃၆၄၇ ဦးအထိရှိပြီး ထို့အထဲမှ ၈၃၅ ဦးမှာ မတရားပြစ်ဒဏ်ချမှတ်ခြင်းခံနေရကြောင်းလည်း Bumese Women’s Union ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အမျိုးသမီး ၅၉၀ ဦးသည်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှုကာလအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးခဲ့ရကြောင်းလည်း သိရှိရသည်။
Bumese Women’s Union အစီရင်ခံစာသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင့် (အေအေပီပီ)၏ အချက်အလက်များကို အဓိက မှီငြိမ်းကိုးကားကာ ခိုင်လုံသည့် သတင်းမီဒီယာများ၏ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များကို မှီငြိမ်း၍ စုစည်းထားခြင်းဖြစ်ကြောင်း၊ မြေပြင်အခြေအနေနှင့် သတင်းအချက်အလက်စီးဆင်းမှု စိန်ခေါ်ချက်များရှိသည့်အတွက် ကိန်းဂဏန်းများမှာ ယခုထက်ပို၍ များနိုင်ကြောင်းလည်း ဖော်ပြထားသည်။