ဖားကန့်နှင့် မြ၀တီမြို့နယ်တို့တွင် အသိမ်းခံထားရသော စစ်တပ်စခန်းများ ပြန်လည်ရရှိရေး စစ်ကောင်စီက အင်အား အလုံးအရင်းသုံး၍ ထိုးစစ် ဆင် နေသဖြင့် ညပိုင်းအထိ တိုက်ပွဲ အပြင်းအထန် ဖြစ်နေ
ရန်ကုန်၊ ဩဂုတ် ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ လက် ခတ် တောင်စစ်တပ်စခန်း အပါအဝင် အသိမ်းခံထားရသော စစ်ကောင်စီ တပ်စခန်းများ ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်စစ်တပ်က အင်အားအလုံး အရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း ရှေ့တန်းသတင်းရင်း မြစ်များ နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။
ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီမှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ယမန်နေ့ ဆုံးရှုံးသွားသော နတ်မှော်စခန်း၊ ကသိုဏ်းတောင်စခန်းတို့ကို ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ဖားကန့် ဗျူဟာကုန်း ကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းကနေစပြီးတော့ အခုအချိန်အထိ ပစ်ခတ်နေတယ်။ ရဟတ် ယာဉ် တွေရော လက်နက်ကြီးတွေနဲ့ရော ပစ် တယ်။ ဖားကန့်မြို့နယ် ၊ ဆိုင်းတောင်၊ တာမခံသွားတဲ့ လမ်းဆုံနေရာက နတ်မှော် စကစ စခန်းမနေ့က အသိမ်းခံ ရပြီးနောက် စခန်းကုန်းနေရာကို ခွေးတွေဘက်က ထိုးစစ်ဆင်နေတာ။ ဖားကန့်ဗျူးဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်နေတာ။ အခု ပြည်သူ တွေ အားလုံး ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် စစ်တပ်က ဖားကန့်တွင် မြေပြင်စစ်ကြောင်းများကလည်း အင်အား တိုးချဲ့နေကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေး အခြေအနေ အလွန်တင်းမာ နေကြောင်း၊ ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားလာမည့် အခြေအနေရှိကြောင်း KIAနှင့်နီးစပ်သော ရှေ့ တန်းသတင်းရင်းမြစ်က ပြောသည်။
“ရှေ့တန်းမှာက အရမ်းကို နှစ်ဖက် တင်းမာနေတယ်။ စစ်ရေးအခြေအနေက အတော်ကို အမြင့်ဆုံး တင်းမာနေတာ။ စစ်တပ်ဘက်ကလည်း အင်အားတွေ တိုးချဲ့နေတ့ သတင်းတွေ အဆက်မပြတ်ဝင်နေတာရှိပါတယ်” ဟု KIA နှင့် နီးစပ်သော ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကိုလည်း ယနေ့ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
“လက်ခတ်တောင်ကို ပြန်ရဖို့ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာ ဒီနေ့လည်း အဲဒီဘက်မှာ တိုက်ပွဲ အတော်ကို အပြင်းအထန်ဖြစ်နေတာ။ လက်နက်ကြီးသံတွေလည်း တောက်လျှောက်ပဲ။ မနေ့ကတည်း တစ်နေကုန်ပဲ တိုက်ပွဲ အသံတွေကြားရတာ” ဟု လက်ခတ်တောင် အနီးပတ်ဝန်းကျင်တွင် နေထိုင်သော မြ၀တီဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်ခေတ်သစ်က ရရှိထားသော သတင်းများအရ လက်ခတ်တောင်ကို ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ်မှာ ယမန်နေ့က အထိနာနေပြီး ယနေ့တွင်လည်း အထိနာနေကာ သေဆုံးမှုများပြားနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ညပိုင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)