အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၂၇
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ စက်ကရက်မက်တိုမြို့၌ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို “သွေးစည်းညီညွတ်သော ဖယ်ဒရယ်ပြည်ထောင်စုသစ်ဆီသို့” ခေါင်းစဉ်ဖြင့် Free Burma Action Committee- Sacramento နှင့် တိုင်းရင်းသားမိသားစုများ ပူးပေါင်းကာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတရုပ်ရှင်အက နှင့် စျေးရောင်းပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနား ပထမပိုင်းတွင် တိုင်းရင်းသား မိသားစုများက ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အကူ ဖြစ်စေမည့် တိုင်းရင်းသားရိုးရာ အကများ၊ သီချင်းများ ၊ တေးသရုပ်ဖော်များ နှင့် နှုတ်ခွန်းဆက်စကားများကို မိမိတို့တိုင်းရင်းသားဘာသာစကားများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတကာတွင် ဆုများစွာ ရရှိထားသော ဒါရိုက်တာ လင်းလင်း ရိုက်ကူးသည့် The Way ဂီတရုပ်ရှင်ကို နိုင်ငံတကာသို့ လှည့်လည်ပြသမည့် ပထမဆုံးအစီအစဉ်အဖြစ် ပရိသတ်များကို စတင်မိတ်ဆက် ပြသခဲ့ပြီး၊ The Way ရုပ်ရှင်တွင် ပါဝင်သော အနုပညာရှင်များနှင့် ပရိသတ်တို့ ကို zoom meeting ဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက် ပြောဆိုကြကာ ဂီတရုပ်ရှင်နှင့်ပတ်သက်သော ပစ္စည်းများကို လေလံတင် ရောင်းချကာ ရရှိသော အလှူငွေများကို မြန်မာပြည်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ယင်းဂီတ ရုပ်ရှင် အက စျေးရောင်းပွဲတော်သို့ မြောက်ပိုင်းကယ်လီဖိုးနီးယားတွင်နေထိုင်သော မြန်မာပြည်ဖွား တိုင်းရင်းသား ၃၀၀ ကျော် ပါဝင်ဆင်နွဲကြကြောင်း သိရသည်။