တရားရုံးချုပ်နဲ့ နိုင်ငံတကာ တားမြစ်ပိတ်ပင်မှုတွေကို မသိကျိုးကျွံပြုပြီး အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်များ ဆက်လက်ရောင်းချခဲ့
ရန်ကုန်၊ စက်တင်ဘာ ၇
အစ္စရေး စစ်လက်နက် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းယူမှု ဖြစ်ပွားပြီး နောက်ပိုင်းမှာလည်း မြန်မာစစ်အုပ်စုထံ အဆင့်မြင့်နည်းပညာသုံး လေကြောင်းစစ်လက်နက်ပစ္စည်း အများအပြားကို ရောင်းခဲ့တယ်လို့ အစ္စရေးအခြေစိုက် Haaretz သတင်းစာကြီးက ထပ်မံထုတ်ဖော် ရေးသားလိုက်ပါတယ်။
Haaretz သတင်းစာပါ ဖော်ပြချက်တွေအရ အစ္စရေးအစိုးရပိုင် လေကြောင်းအာကာသလုပ်ငန်း (Israel Aerospace Industries IAI) နဲ့ Elbit Systems တို့ဟာ စစ်အာဏာသိမ်းယူပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေအတွင်းမှာ နည်းပညာမြင့် လေကြောင်းကာကွယ်ရေး စစ်လက်နက်ပစ္စည်းတွေနဲ့ အဆင့်မြင့်နည်းပညာသုံး စစ်ဘက်ဆိုင်ရာ ကာကွယ်ရေး စနစ်တွေကို ရောင်းချပေးခဲ့တယ်လို့ ဆိုတာပါ။
ဒါဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လက်နက်ရောင်းချမှု ပိတ်ပင်ထားတာတွေ၊ ၂၀၁၇ ခုနှစ် အစ္စရေးတရားရုံးချုပ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ဒီကရီနဲ့ မြန်မာကို လက်နက်ရောင်းချမှုတွေ ရပ်တန့်မယ်လို့ ပြောထားတဲ့ အစ္စရေးအစိုးရရဲ့ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်တွေကို လစ်လျူရှုပြီး ရောင်းချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး “မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းထားတယ်လို့ ၂၀၁၈ ခုနှစ်ကတည်းက အစ္စရေးက ကျေညာခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးအစိုးရဟာ လိမ်ညာပြီး လျှို့ဝှက်စွာနဲ့ပဲ ဆက်လက်ပေးပို့နေခဲ့တယ်” လို့ အစ္စရေးရှေ့နေ Eitay Mack က Middle East Eye သတင်းဌာနကို ပြောခဲ့ပါတယ်။
Haaretz သတင်းစာက ပြီးခဲ့တဲ့အင်္ဂါနေ့က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်တွေထဲမှာတော့ ၂၀၁၈ ခုနှစ်မှစတင်ပြီး မတ်လ ၂၀၂၂ နေ့အထိ အစ္စရေးအစိုးရပိုင် လေကြောင်းအာကာသလုပ်ငန်း (IAI) ကနေ မြန်မာနိုင်ငံကို မက်ထရစ်တန်ချိန် ၂၅၀ ခန့်ရှိတဲ့ စစ်ပစ္စည်းတင်ပို့မှုပေါင်း အနည်းဆုံး လေးကြိမ် ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
အထောက်အထား မှတ်တမ်းများအရ ဒီတင်ပို့မှုတွေမှာ မြန်မာနိုင်ငံ ကာကွယ်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ အကြီးအကဲ ဆိုသူက လက်ခံသူ ဖြစ်ပြီး၊ သင်္ဘောတင် ကုန်ပစ္စည်းမှတ်တမ်းမှာလည်း အဆိုပါပစ္စည်းတွေကို “လေယာဉ်အစိတ်အပိုင်းများ”နဲ့ “သတ္တုပြားများ” ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။
Haaretz ရဲ့ သတင်းရင်းမြစ်များ အဆိုအရ အဆိုပါပစ္စည်းတွေကို သင်္ဘောများမှာလည်း အသုံးပြုနိုင်ကြောင်း သိရပါတယ်။ IAI ဟာ မြန်မာ့ရေတပ်ကို အစ္စရေးရဲ့ နံမည်ကြီးထုတ်ကုန်တစ်ခုဖြစ်တဲ့ Dvora-class အဆင့်မြင့် ကင်းလှည့်မော်တော် ခြောက်စီးကို ထောက်ပံ့ပေးအပ်ခဲ့သူ ဖြစ်ပါတယ်။
နောက်ဆုံး Dvora နှစ်စီးကို မြန်မာနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာမှာ တရားဝင် အခမ်းအနား ကျင်းပပြီး မြန်မာစစ်တပ်ကို ပေးအပ်ခဲ့တာပါ။ ဒါ့အပြင် IAI ဟာ ၎င်းရဲ့ ELTA Systems လုပ်ငန်းခွဲက ထုတ်လုပ်တဲ့ အဆင့်မြင့် ရေဒါစနစ်များကိုလည်း ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အလားတူ အစ္စရေး Federmann Enterprises ရဲ့လက်အောက်ခံ Elbit Systems ကုမ္ပဏီကလည်း မြန်မာ့လေတပ်ကို စစ်လက်နက်စနစ်တွေ ယခုနှစ်များအတွင်း ရောင်းချခဲ့တယ်လို့ သတင်းရင်းမြစ်များက ဆိုပါတယ်။ ယင်းတို့အနက် ACMI Pod(လေကြောင်းတိုက်ခိုက်ရေး ထိန်းကြောင်းခြင်းဆိုင်ရာကိရိယာ)၊ Skylark မောင်းသူမဲ့ လေယာဉ်များအတွက် အစိတ်အပိုင်းများနဲ့ မြန်နှုန်းမြင့် 25 mm သေနတ် တပ်ဆင်ထားတဲ့ အဝေးထိန်း ရေတပ်သုံး ဆုံလည်စက်လက် တို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီရေတပ်သုံး စက်လက်ဟာ အစ္စရေးက ရောင်းချခဲ့တဲ့ Dvora ကင်းလှည့်သင်္ဘောတွေရဲ့ စွမ်းဆောင်ရည်နဲ့တော့ ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။ ဒီစစ်လက်နက်တွေကို မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပို့ဆောင်ပေးခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း Haaretz သတင်းစာကပဲ ထုတ်ဖော်ခဲ့တဲ့ သတင်းတွေထဲမှာ အစ္စရေးရဲ့ CAA လုပ်ငန်းကနေ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်နက်ထုတ်လုပ်ရေး ပစ္စည်းတွေကို မြန်မာနိုင်ငံကို ရောင်းချခဲ့တယ် ဆိုတဲ့ သတင်းပါဝင်ပါတယ်။ ဒါ့အပြင် တယ်လီဖုန်း၊ အင်တာနက်နဲ့ ဆယ်လူလာကွန်ရက် တွေကတဆင့် နိုင်ငံသားအားလုံးကို စောင့်ကြည့်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကြားဖြတ် ထောက်လှမ်းနိုင်တဲ့ spyware တပ်ဆင်ဖို့အတွက် မြန်မာနိုင်ငံမှာ တင်ဒါခေါ်ယူခဲ့ပြီး၊ အဲ့ဒီတင်ဒါကို အစ္စရေးအခြေစိုက် ဆိုက်ဘာ Cognyte ကရရှိခဲ့တယ် ဆိုတဲ့ သတင်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဖော်ပြခဲ့ပါသေးတယ်။
အလားတူ ပြီးခဲ့သည့်နှစ်အတွင်းမှာလည်း မြန်မာကော်ပိုရေးရှင်းတစ်ခုဟာ မြန်မာစစ်အုပ်စု၊ IAI နဲ့ Elbit Systems တို့အကြား လက်နက်ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ကြီးလေးတဲ့ ရာဇ၀တ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေမှာ ပါဝင်ပတ်သက်နေတာကို Haaretz က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစ္စရေးက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ ရပ်ဆိုင်းလိုက်ကြောင်း ကြေငြာပြီး တစ်နှစ်အကြာဖြစ်တဲ့ ၂၀၁၉ ခုနှစ်မှာ ကျင်းပတဲ့ Tel Aviv လက်နက်ပြပွဲကို မြန်မာစစ်တပ်မှ အရာရှိတွေ သွားရောက်ကြည့်ရှုခဲ့လို့ Haaretz က ထုတ်ဖော်ဝေဖန်ခဲ့ပါသေးတယ်။
ဒါတွေဟာ အစ္စရေးအနေနဲ့ ၂၀၁၇ ခုနှစ် တရားရုံးချုပ်က စီရင်ချက်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံနဲ့ လက်နက်ကုန်သွယ်မှုတွေကို ဆက်လက်လုပ်ဆောင်နေခဲ့တယ် ဆိုတာနဲ့၊ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း လက်နက်တွေ ဆက်လက်ရောင်းချနေတယ် ဆိုတာတွေကို သက်သေခံနေတာပဲ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချတာကို ပိတ်ပင်တဲ့ အမိန့်ဒီဂရီကို အစ္စရေးတရားရုံးချုပ်က ၂၀၁၇ ခုနှစ်ကထဲက အမိန့်ချမှတ်ခဲ့ပြီးသားပါ။ ဒါပေမယ့် တရားရုံးချုပ်ရဲ့ အမိန့်ဒီဂရီကို ဆန့်ကျင်ပြီး အစ္စရေးအစိုးရဟာ မြန်မာစစ်တပ်ကို တင့်ကားပေါင်း ၁၀၀ ကျော်၊ ကင်းလှည့်မော်တော်ဘုတ် များစွာနဲ့ တိုက်လေယာဥ် အပိုပစ္စည်းတွေကို ရောင်းချပေးခဲ့တယ်လို့လည်း Middle East Eye သတင်းဌာနက ရေးသားခဲ့ဖူးပါတယ်။
မြန်မာစစ်တပ်ဟာ သူ့နိုင်ငံသား ၃,၀၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီး၊ အရပ်သား ၁၃,၀၀၀ ကျော်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားကာ၊ ပြည်သူ ၁.၅ သန်းကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ် ဆိုတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ထားတာကို လျစ်လျူရှုပြီး လက်နက်တွေ ရောင်းချပေးခဲ့တာ ဖြစ်တယ်လို့လည်း Middle East Eye သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရှေ့နေကြီး Mack ကလည်း Middle East Eye မှာ အခုလို ဝေဖန်ပြောဆိုခဲ့ပါတယ်။
“အစ္စရေးအနေနဲ့ စစ်အာဏာရှင်တွေဆီက အကျိုးစီးပွား ရရှိနေသမျှ ကာလပတ်လုံး … လူနည်းစု တိုင်းရင်းသားတွေကို ဘယ်လိုပဲသုတ်သင် သုတ်သင်၊ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားသူတွေကို ဘယ်လောက်ပဲ သတ်ဖြတ်သတ်ဖြတ်၊ မြန်မာစစ်အုပ်စုကို ကူညီဖို့ရာ အစ္စရေးမှာ ပြဿနာရှိ မနေပါဘူး”
ယခုကဲ့သို့ အစ္စရေးက မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချနေမှုအပေါ် မြန်မာ့အရေးတက်ကြွလှုပ်ရှားတဲ့ Justice for Myanmar(JFM) အဖွဲ့ကလည်း ဝေဖန်ပြစ်တင်လိုက်ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒါကိုကြည့်ရင် IAI နှင့် Elbit တို့ဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုနဲ့၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိကြောင်း သိသိနဲ့ စစ်တပ်ကို လက်နက်တပ်ဆင်ပေးနေတယ် ဆိုတာ မြင်သာပါတယ်”
“အစ္စရေးအာဏာပိုင်တွေအနေနဲ့ မြန်မာစစ်တပ်နဲ့ IAI ၊ Elbit တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးတကြီး စုံစမ်းစစ်ဆေးပြီး အစ္စရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုများအတွက် တာဝန်ခံမှု ရှိစေသင့်ပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စစ်တပ်ကို ထောက်ခံနေတာတွေကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ” လို့ Haaretz သတင်းစာကို ပြောကြားခဲ့ပါတယ်။
(Haaretz သတင်းစာပါ Oded Yaron ၏ “Israel Sold Arms to Myanmar Even After the 2021 Military Coup” သတင်းဆောင်းပါးနှင့် Middle East Eye သတင်းပါ Rayhan Uddin and Lubna Masarwa တို့၏ “Israel ‘sold arms to Myanmar after coup’, despite high court ban” သတင်းဆောင်းပါး တို့ကို အခြေခံ၍ ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။