ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကြီးကျေးရွာရှိ အထိုင်ချ စစ်တပ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီအထိုင်ကင်းစခန်းဂိတ်ကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ပခုက္ကူမြို့မြောက်ဘက်၊ ၃ မိုင်ခန့်အကွာ ရှိ အရှေ့ဘုန်းကံကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ် ဂိတ်စခန်းအနီးသို့ မီတာ ၃၀၀ အကွာအဝေးအထိ ချဉ်းကပ်ကာ စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာ မှ ထွက်လာသော ဘောင်းဘီရှည်၊ အင်္ကျီချိုင်းပြတ်ဝတ်ဆင်ထားကာ အူစီသေနတ်ကိုင်ဆောင်သော စစ်သားတစ်ဦးထိမှန်ခဲ့သေဆုံးခဲ့ကြောင်း သိရသည်။
“ပခုက္ကူမြို့မြောက်ဘက်တည့်တည့် ၂ မိုင် ၃ မိုင်လောက်အကွာအဝေးမှာ ရှိတာဗျ၊ စနိုက်ပါနဲ့ကတော့ ၂ လက်ကို လေးချက်လောက်ပစ်ခဲ့တယ်ဗျ၊ လက်နက်ငယ်တွေနဲ့လည်း ထပ်ပစ်ခဲ့သေးတယ်၊ တဖက်က ကောင်တာပြန်လာတဲ့အချိန်မှာ ကျနော်တို့လည်း တိမ်းရှောင်နေကြရတာ၊ စစ်ခွေးကတော့တစ်ကောင်ပဲ သေပါတယ်” ဟု Southern YSO PDF မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Southern Yesagyo PDF ၊ Yasagyo Revolution Group (YRG) ၊ ဒေါင်းစစ်သည် ၊ King Cobra နှင့် ဒေါင်းညီနောင် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား များမှ အော်တိုသေနတ်များ၊ ၄၀ မများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
