26 C
Yangon

အကြမ်းဖက်စစ်ကောင်စီကို မောင်းသူမဲ့လေယာဉ်တင်သွင်းခဲ့တဲ့ မီယာဝင်းအင်တာနေရှင်နယ်လီမိတက်နဲ့ အပေါင်းအပါ လက်နက်ပွဲစားကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ တောင်းဆို

Must read

ရန်ကုန်၊ မတ် ၂၂


မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားကုမ္ပဏီတစ်ခုဖြစ်တဲ့ မီယာ၀င်း အင်တာနေရှင်နယ်လီမိတက်က Camcopter S-100 မောင်းသူမဲ့လေယာဉ် (ယူအေဗွီ) တွေအတွက် အပိုပစ္စည်းတွေနဲ့ သင်တန်းဒီဇိုင်းတစ်ခုကို တင်သွင်းခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။

ဒီပစ္စည်းအမျိုးအစားတွေဟာ သြစတြီးယားကုမ္ပဏီ Schiebel Corporation က ဖြစ်ပြီး လုပ်ငန်းလိုင်စင်အရ Camcopter S-100 ယူအေဗွီ မောင်းသူမဲ့ လေယာဉ်တွေထုတ်လုပ်တဲ့ မိတ်ဖက်ရုရှားကုမ္ပဏီ OAO Gorizont ကနေတဆင့် မြန်မာနိုင်ငံဆီ ပေးပို့ခဲ့တာပါ။

ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်စုစည်းမှု ImportGenius က အချက်အလက်တွေအရ Gorizont က အဆိုပါပစ္စည်းအမျိုးအစားတွေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁၉ရက်နဲ့ ၂၀ ရက်တွေမှာ မြန်မာနိုင်ငံက မီယာ၀င်းအင်တာနေရှင်နယ်ကုမ္ပဏီဆီ ပေးပို့ခဲ့တာဖြစ်တယ်လို့ Justice For Myanmar က ယမန်နေ့က ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ ပစ္စည်းတွေနဲ့ အမျိုးအစားတူတချို့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၈ ရက်နေ့က သြစတြီးယား Schiebel ကုမ္ပဏီကနေ ရုရှားနိုင်ငံကို ဦးစွာတင်ပို့ပေးခဲ့ပြီး ဒါဟာ အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာစစ်တပ်ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်စာရွက်စာတမ်းတွေအရ အမေရိကန်ဒေါ်လာ ၁၇.၈ သန်း တန်ဖိုးရှိတဲ့ အရောင်းအဝယ်တစ်ခုမှာ အဆိုပါကုမ္ပဏီက အကြမ်းဖက်စစ်တပ်ကို ယူအေဗွီတွေ ရောင်းချပြီးနောက်ပိုင်း Schiebel ရဲ့ လက်တလော ကုန်ပစ္စည်းတင်ပို့မှု တွေရှိလာတယ်လို့လည်း ဆိုပါတယ်။

Camcopter S-100 ယူအေဗွီ မောင်းသူမဲ့လေယာဉ်တွေဟာ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်ရေး စွမ်းဆောင်မှုတွေရှိပြီး ၆နာရီကြာအထိ ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။

အဆိုပါ ယူအေဗွီ မောင်းသူမဲ့လေယာဉ်တွေ လွှဲပြောင်းပေးအပ်မှု မတိုင်ခင် ၂၀၁၇ခုနှစ်၊ ဧပြီလအတွင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြစတြီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး Schiebel ရဲ့ ထုတ်လုပ်ရေးစက်ရုံ တည်ရှိသည့်မြို့ Wiener Neustadt ကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၈ခုနှစ်က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ စစ်လက်နက် အရောင်းပြပွဲတစ်ခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Schiebel ရဲ့ ထုတ်ကုန်တွေ ခင်းကျင်းပြသမှုကို ကြည့်ရှု့ခဲ့တာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဥရောပသမဂ္ဂ(EU)ရဲ့ စစ်လက်နက်နဲ့ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေအတွက် ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှုထိန်းချုပ်ရေး အစီအစဉ်တစ်ရပ်ဖြစ်တဲ့ Wassenaar သဘောတူညီမှုမှာ သြစတြီးယားနိုင်ငံအနေနဲ့ ပါဝင်နေပေမယ့် ဩစတြီးယား Schiebel ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ စစ်ရေး ရည်ရွယ်ချက်အတွက် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေနဲ့ နည်းပညာတွေ လွှဲပြောင်း ပေးအပ်ခဲ့တဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင် က ၂၀၁၉ ခုနှစ်မှာ ဖော်ထုတ်သတ်မှတ်ထားခဲ့ပါတယ်။

မြန်မာစစ်တပ်က Camcopter S-100 ယူအေဗွီ မောင်းသူမဲ့ လေယာဉ်တွေအတွက် electro-optical/infra-red camera gimbals တွေ ဝယ်ယူဖို့လည်း ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေးကာလ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဆွီဒင်ကုမ္ပဏီ Trakka Systems က ကိုယ်စားလှယ်တွေကလည်း ကင်မရာတွေပေးသွင်းဖို့အတွက် မြန်မာစစ်တပ်နှင့် တွေ့ဆုံခဲ့တာတွေရှိတယ်လို့ Justice For Myanmar ကဆိုပါတယ်။

မီယာ၀င်းအင်တာနေရှင်နယ်လီမိတက်နဲ့ Schiebel ရဲ့ ရောင်းဝယ်မှုလုပ်ငန်းတွေဟာ အီးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်ဖွယ်ရှိနေကြောင်းလည်း Justice For Myanmar ကဆိုပါတယ်။

မီယာ၀င်းအင်တာနေရှင်နယ်ဟာ Asia Golden Phoenix Consultancy Services Company Limited၊ Trio Core Distribution Company Limited တို့နဲ့လည်း နီးနီးကပ်ကပ် ဆက်နွယ်ပတ်သက်နေတာပါ။

အဆိုပါမြန်မာကုမ္ပဏီ ၃ ခုမှာ ဦးနေထွဋ်ဝင်းက ဒါရိုက်တာတစ်ဦးအဖြစ် ယခင်ကဆောင်ရွက်ခဲ့ဖူးပြီး လက်ရှိမှာ မိတ်ဖက်စင်ကာပူ ကုန်သွယ်ရေးလုပ်ငန်း Trio Core Pte Ltd ရဲ့ ရှယ်ယာရှင်နဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေတယ်လို့ Justice For Myanmar ကဆိုပါတယ်။ ၎င်းဟာ မြန်မာကုန်သွယ်ရေး ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ Bamar Commodity Trading နှင့် Meridian Trading & Services တို့ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရ ဦးနေထွဋ်ဝင်းဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီး ဒေါ်ခင်သီရိသက်မွန်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုစစ်ဆင်ရေးကို ပံ့ပိုး ကူညီတဲ့အနေနဲ့ မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာ ၇၀,၀၀၀ ကျော် လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ မီယာ၀င်းအင်တာနေရှင်နယ်လိမိတက်ကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က အမည်စာရင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ မီယာ၀င်းအင်တာနေရှင်နယ်လိမိတက်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် တပ်မတော်နေ့တွေမှာ မြန်မာစစ်တပ်ကို နောက်ထပ် လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့တယ် လို့လည်းဆိုပါတယ်။

မီယာ၀င်းအင်တာနေရှင်နယ်အနေနဲ့ သြစတြီးယားကုမ္ပဏီ Axis Simulation ဆီက ATR-72 လေယာဉ် သဏ္ဌာန်တူအမောင်းသင်ခန်းတစ်ခု ဝယ်ယူခဲ့ပြီး အဆိုပါအရောင်းအဝယ်အကြောင်း သိရှိရတဲ့ သတင်းရင်းမြစ်တစ်ခုအရ နောက်ဆုံးအသုံးပြုသူမှာ မြန်မာလေတပ်ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

အဆိုပါ သဏ္ဌာန်တူအမောင်းသင်ခန်းကို မင်္ဂလာဒုံမြို့နယ်က ရန်ကုန်လေဆိပ်အနီးမှာ တပ်ဆင်ခဲ့ပြီး စစ်တပ်နှင့် အရပ်ဘက် လေယာဉ်မောင်းသင်တန်းနှစ်ရပ်လုံးအတွက် အသုံးပြုနေတယ်လို့ ဆိုပါတယ်။ Flight Training Center တွင် တပ်ဆင်ထားတဲ့ အဆိုပါသဏ္ဌာန်တူ အမောင်းသင်ခန်းဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြေနေရာပေါ်မှာ ရှိနေတယ်လို့ ယူဆကြောင်း သိရပါတယ်။

Axis Simulation နှင့် EASA လိုင်စင်တွေအရ နောက်ဆုံးလက်ဝယ် အသုံးပြုသူ၊ ကြီးကြပ် လုပ်ကိုင်သူနဲ့သင်တန်းပေးသူဟာ Asia Golden Phoenix Consultancy Services ဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ပါဝင်မှုကို ဖုံးကွယ်ထားတယ်လို့ဆိုပါတယ်။

Axis Simulation ဝန်ထမ်းတစ်ဦး လေယာဉ်သဏ္ဌာန်တူ အမောင်းသင်ခန်း တပ်ဆင်ဖို့ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး အဆိုပါဝန်ထမ်းဟာ မြန်မာ့လေတပ်ဝန်ထမ်းတွေကို သဏ္ဌာန်တူအမောင်းသင်ခန်း ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်း ပေးအပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ချို့ကို ကိုးကားပြီး Justice For Myanmar ကဆိုပါတယ်။

Axis Simulation ဘက်ကတော့ အဆိုပါအချက်ကို ငြင်းဆိုပြီး သူတို့အနေနဲ့ Asia Golden Phoenix Consultancy Services ဝန်ထမ်းတွေကိုသာ ပြုပြင်ထိန်းသိမ်းရေး သင်တန်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဝယ်ယူရေးဆိုင်ရာ စာရွက်စာတမ်းတွေအရ မီယာ၀င်းအင်တာနေရှင်နယ်လိမိတက်ဟာ ၂၀၁၅-၁၆ ဘဏ္ဌာရေးနှစ်အတွင်း မြန်မာ့ရေတပ်အတွက် လူ၁၀ ဦး သုံး လေဖိအားထိန်းချုပ်ရေငုတ်ခန်းတစ်ခု တင်သွင်းဖို့ တင်ဒါတစ်ခုကို ရရှိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ လေဖိအားထိန်းချုပ်ရေငုတ်ခန်းကို ဂျာမဏီနိုင်ငံက Haux Life Support GmbH ဆီက ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။

Asia Golden Phoenix ရဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာလည်း Haux ကုမ္ပဏီကို မိတ်ဖက်အဖြစ် ဖော်ပြထားပြီး Haux လေဖိအားထိန်းချုပ်ရေငုတ်ခန်းတစ်ခုရဲ့ ဓါတ်ပုံတွေကိုလည်း ဖော်ပြထားလို့ Hauxကုမ္ပဏီအနေနဲ့ ပစ္စည်းဝယ်ယူရေးမှာ မြန်မာစစ်တပ်ရဲ့ ကြိုးကိုင်ကုမ္ပဏီတစ်ခုဖြစ်နိုင်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူဘဲ ဆွစ်ဇာလန်ကုမ္ပဏီ Victorinox ကလည်း မီယာ၀င်းအင်တာနေရှင်နယ် ကွန်ရက်မှာ ပါရှိနေတယ်လို့ဆိုပါတယ်။ မီယာ၀င်းအင်တာနေရှင်နယ်ရဲ့ ဆက်နွယ်ကုမ္ပဏီ Trio Core Distribution ဟာ Victorinox ကုမ္ပဏီရဲ့ မိတ်ဖက် တစ်ဦးဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေး ကျူးလွန်နေချိန် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့မှာ Victorinox နဲ့ မြန်မာစစ်တပ်အတွက် အစည်းအဝေးတစ်ရပ်ကို စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Victorinox ကုမ္ပဏီဟာ မြန်မာ့လေတပ်ရဲ့ ၇၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အတွက် အမှတ်အသား ရိုက်နှိပ်ထားတဲ့ ဆွစ်ဖရန်ငွေ ၆၅၄၁ တန်ဖိုးရှိတဲ့ ဓါးတွေကို ၂၀၁၉ ခုနှစ်က တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ Trio Core Distribution အနေနဲ့ Victorinox ရဲ့အရပ်သုံး အိတ်ဆောင်ပစ္စည်းတွေအတွက် မြန်မာနိုင်ငံဆိုင်ရာ တရားဝင်ဖြန့်ချိသူအဖြစ် ဆက်လက်လုပ်ကိုင်နေပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ စစ်လက်နက်ရရှိနေမှုကို ရပ်တန့်ဖို့အတွက် မီယာ၀င်းအင်တာနေရှင်နယ်နဲ့ သူတို့ရဲ့ စစ်လက်နက်ပေးသွင်းသူတွေ၊ လက်နက်ပွဲစားကွန်ရက်တွေအပေါ် ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှုတွေ အရေးတကြီးလုပ်ဆောင်ဖို့အတွက်ကို Justice For Myanmar အဖွဲ့ က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂဒေသတွင်း အပါအဝင် ချမှတ်ပြီးဖြစ်တဲ့ ပို့ကုန်ထိန်းချုပ်ရေးတွေကို အသက်ဝင်စေဖို့ အရေးတကြီး လုပ်ဆောင်စရာတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article