စစ်ကိုင်းနှင့် ဝက်လက် နယ်စပ်တွင် ၃ လကြာ စစ်ဘေးတိမ်းရှောင်နေရသော သောင်းနှင့်ချီသော ပြည်သူများ အရေးပေါ် ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ
ရန်ကုန်၊ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်တွင် ၃ လကြာ စစ်ဘေး တိမ်းရှောင်နေရသော သောင်းနှင့်ချီသော ပြည်သူများ အရေးပေါ် ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လက စတင်ပြီး စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်လက်နက် ပစ္စည်းများ ရထားတွဲများဖြင့် တင်လာပြီး စစ်ကြောင်းထိုးလာသောကြောင့် သံလမ်းဘေးဝဲယာရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေး တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ပေါက်ကံရွာမရွာ၊ ပေါက်ကံဘူတာရွာ၊ ညောင်ပင်ကြီးတောရွာ၊ ဝက်လူးအိုင်ရွာ၊ သာလိုင်းရွာ၊ ကူကောင်းကျေးရွာ၊ ရုံးသာကျေးရွာနှင့် ရွာသစ်ကျေးရွာတို့မှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ဘေးရှောင် ဦးရေက သောင်းဂဏန်း ထိရှိပါတယ်။ စစ်ဘေးရှောင် နေရတာက ၃ လလောက် ကြာလာပြီးဆိုတော့ ပြည်သူတွေ စားဝတ်နေရေး၊ ကျန်းမာရေး ဆေးဝါး၊ အမိုးအကားတွေ အရေးပေါ် လိုအပ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။