ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် စစ်ယာဉ်တန်းဖြတ်သန်းရန် လုံခြုံရေးယူနေသည့် စစ်ကြောင်းကို ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား
ရန်ကုန်၊ အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် စစ်ယာဉ်တန်းဖြတ်သန်းရန် လုံခြုံ ရေးယူပေးသော စစ်သားများကို ၂ ကြိမ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ဆင်းလာသော အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းဖြတ်သန်းရန် ဘီးလင်းတိုးဂိတ်မှ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ အနီးသို့ လုံခြုံရေး ယူပေးရန် ထွက်လာသော အကြမ်းဖက်စစ်သား ၂၀ ခန့်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ပြန်ဆုတ်သွားကြောင်း သိရသည်။
“ယာဉ်တန်းက ရန်ကုန်ဘက်ကနေ ဆင်းလာတဲ့ ယာဉ်တန်းပါ၊ အဲဒီယာဉ်တန်းကို လုံခြုံရေးယူပေးဖို့ ဘီလင်း တိုးဂိတ်ကနေ ရွာဘက်တွေကို ဆင်းပြီး လုံခြုံရေးယူပေးတာ၊ ဘီးလင်းတိုးဂိတ်မှာက အင်အား ၆၀ လောက်ရှိတယ်၊ တပ်စွဲထားတာ၊ အဲဒီကနေမှ ပထမ အယောက် ၂၀ လောက်ရှိမယ် လုံခြုံရေးယူပေးဖို့ ဆင်းလာတာ၊ အဲဒီအဖွဲ့ကို မိုင်းခွဲတယ်၊ မိုင်းဆွဲလိုက်တော့ သေဆုံးဒဏ်ရာရတဲ့သူတွေကို ဆွဲထုတ်ပြီး တိုးဂိတ်ဘက်ကို ပြန်ဆုတ်သွားတယ်၊ ပြီးတော့ တိုးဂိတ်မှာရှိတဲ့ အင်အား တဝက်ခွဲပြီးတော့ ဒုတိယကြိမ် ပြန်တက်လာတာ၊ အဲဒါကို ထပ်တိုက်ခိုက်ခဲ့တာ၊ ရန်ကုန်က ဆင်းလာတဲ့ယာဉ်တန်းလည်း လမ်းကနေ ပြန်လှည့်သွား တယ်လို့တော့ သတင်းကြားတယ်၊” ဟု တောကျီးကန်းစစ်ကြောင်းမှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့နောက် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်အချိန် အင်အား ၃၀ ခန့်ဖြင့် ထပ်မံတက်လာသော စစ်တပ်စစ်ကြောင်းကို အသင့်စောင့်ဆိုင်းနေ သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ၁၀ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သား ၇ ဦးကျော် သေဆုံးကာ ၁၀ ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒဏ်ရာအခြေအနေ ဆိုးသူများ ပါသဖြင့် ထပ်မံသေဆုံးနိုင်ခြေများကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်း စစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်း၊ နယ်မြေဒေသ ကာကွယ် ရေး ဒရုန်းအဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီးများဖြင့် တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- တောကျီးကန်း စစ်ကြောင်း။