ရေစကြိုမြို့နယ်၊ ပေါက္ကူကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကိုဟန်တင်နှင့် ကိုစိုးနိုင်ဦးတို့ကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်
ရန်ကုန်၊ အောက်တိုဘာ ၂၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပေါက္ကူကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာသား ကိုဟန်တင်နှင့် ကိုစိုးနိုင်ဦးတို့ကို ရက်ရက် စက်စက် စစ်တပ်က သတ်ဖြတ် သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပေါက္ကူကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ရွာသား ၂ ဦးကိုသတ်ဖြတ်ပြီးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထွန်စက်၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးအားလုံး အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကိုလည်း လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။
“ရွာကို စစ်တပ်က မနက် အစောကြီး ပစ်ခတ် ဝင်ရောက်လာတာ။ အဲဒီမှာ မပြေးနိုင်တဲ့ ရွာသား ၂ ဦး အဖမ်းခံရပြီး အသတ်ခံရတယ်။ စုစုပေါင်း အိမ်ခြေ ၅၈ အိမ်ထောင်စုမီးလောင်ပျက်စီးသွားတယ်။ ထွန်စက်၊ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးအားလုံးပါသွားတယ်။ မနက်အစောကြီးပစ်ခတ်ဝင်လာတော့ဘာမှယူဆောင်နိုင်ခြင်းမရှိလို့ အားလုံးပါသွားပါတယ်” ဟု ကျေးရွာသားတစ်ဦးက ရှင်းပြသည်။
စစ်တပ်က သတ်ဖြတ်သွားသော ကိုဟန်တင်မှာ အသက် ၆၁နှစ်အရွယ်ရှိပြီး ကိုစိုးနိုင်ဦးမှာ အသက် ၃၄နှစ် အရွယ်ရှိကြောင်း သိရှိရသည်။
“ကိုဟန်တင်ကိုတော့ သူ့မိန်းမရွာကိုအလောင်းသယ်သွားတယ်။ ကိုစိုးနိုင်ဦးကိုတော့ ပေါက္ကူကျေးရွာမှာပဲ သဂြိုလ်တယ်။ ရွာသား ၂ ဦးကို သေနတ်နဲ့ပစ်ဖမ်းပြီးလူမဆန်စွာရိုက်သတ်ထားကြတာ။ ဂတ်စ် စပရေးဘူးသုံးပြီး မီးမြှိုက် သတ်ထားကြတာ။ ခန္ဓာကိုယ်အောက်ပိုင်း အရေခွံလန်ပြီး အဆီတွေထွက်နေတယ်” ဟု ကျေးရွာသားက ရှင်းလင်းပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ကိုစိုးနိုင်ဦး၏ ရုပ်အလောင်း။