28 C
Yangon

စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်တောကျေးရွာရှိ နယ်ထိန်းအငြိမ်းစား နေအိမ်ကို ဝင်ရောက် ပစ်ခတ်ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ အုန်တောရွာရှိ နယ်ထိန်းအငြိမ်းစား လွမ်းမိုးနိုင် နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ လွမ်းမိုးနိုင်သည် လက်အားကျည်ထိမှန်ပြီး လွတ်မြောက်သွားကာ ၎င်း၏ တပည့်ဖြစ်သူ လက်နက်ကိုင် ရဲ ၃ ဦးမှာ နေရာ၌တင် သေဆုံးခဲ့ကြောင်း သိရသည်။

လွမ်းမိုးနိုင်သည် ယခင်က နယ်ထိန်းအရာရှိ ၁ ဦးဖြစ်ပြီး လက်ရှိချိန်တွင် အငြိမ်းစားယူကာ သစ်ခိုးထုတ်ရောင်းခြင်း၊ မှုးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်း တို့ လုပ်ကိုင်နေပြီး လွမ်းမိုးနိုင်သည် ရဲတပ်ရင်း ၁၆ မှ ရဲတပ်သား ၇ ဦးကိုငွေပေး၍ ၎င်း၏ တပည့်အဖြစ် ခိုင်းစေပြီး M16 သေနတ် ကိုင်ဆောင်ထားသူ ၁ ဦး ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်၊ အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၄)၊ တပ်စု(၂)ဖြစ်သော နယ်စီးမခြား စစ်ကိုင်းသား အဖွဲ့နှင့် တောတွင်း တွတ်ပီ အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ၊ ပဲဒက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုးဝေကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” စိုးဝေက ကျောက်ဆည်ရွာကနေ ငါးဝယ်စားပြီးပြန်လာတုန်း လမ်းမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်။ ဆိုင်ကယ် ၂ စီးနဲ့ လာပစ်သွားတာလို့ သိရတယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ သူ့မိသားစုဝင်တွေ အလောင်း လာကောက်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး စိုးဝေသည် ယခင်က ပြည်သူ့စစ် ခေါင်းဆောင် ဟောင်းဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူမျကို နှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေသူ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article