ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့် ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
နိုဝင်ဘာလ ၅ ရက်နေ့က စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဒီပဲယင်း-ရေဦး မြို့နယ် အကြားရှိ မုတ်စီကျေးရွာ၌ ၅ ရက်ကြာ တပ်စွဲထားသည့် အတွက် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများသည် လက်ရှိချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ပျော်ဘွယ်ကျေးရွာ၊ မစိုးရိမ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ပင်စည်ကျေးရွာ၊ မဲအိုးကျေးရွာ၊ လက်ယက်ကုန်းကျေးရွာ၊ မုတ်စီကျေးရွာ၊ အောင်သာကျေးရွာ၊ ငြုတ်တုံကျေးရွာ စသည့်ကျေးရွာ ၁၀ ကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်သည် နေရပ် မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
စစ်ဘေးရှောင် ပြည်သူများ ချက်ပြုတ်ကျွေးမွေးရာ ဌာနများမှာလည်း ဆန်၊ ဆီနှင့် ရိက္ခာ ပြတ်လပ်မှုအခြေအနေများ ကြုံတွေ့နေရပြီး အရေးပေါ် စာနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း၊ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က စစ်ဘေးရှောင် ပြည်သူများ ချက်ပြုတ်ကျွေးမွေးရာတွင် စစ်ရှောင်စခန်းများနှင့် စစ်ရှောင်စခန်းတွင် နေထိုင်ခြင်း မရှိသော စစ်ဘေးရှောင်ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကူညီ လှူဒါန်း လိုသော ပြည်သူများ အနေဖြင့် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကို လာရောက် ကူညီလှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း အဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးကဆက်လက်ပြောဆိုသည်။