နမ့်ဆန်နှင့် မူဆယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး၊ နမ့်ခမ်းမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် နေအိမ် ၃ လုံးပျက်စီး
ရန်ကုန်၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်တွင် နမ့်ဆန်မြို့ရှိ အကြမ်းဖက် စစ်တပ်စခန်းက လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်မှုကြောင့် အုမ်းစွမ်ကျေးရွာ အတွင်း ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ လွေးမြသန္တာလင်း ကျည်စထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အသက် ၁၄ နှစ်အရွယ် လွေးမော်မော်စန်း၊ အသက် ၁၈ နှစ်အရွယ် မိုင်းရဲလင်းနောင်၊ အသက် ၄၈ နှစ်အရွယ် ယာမြညွန့် နှင့် အသက် ၅၀ အရွယ် တာထွန်းလှ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီမှ ၂ နာရီ ၅၀ မိနစ် အထိ အကြမ်းဖက် စစ်တပ်၏ နမ့်ဆန်တပ်စခန်းမှ လက်နက်ကြီးဖြင့် ၁၅ ကြိမ်၊ မိုင်းငေါ့တပ်စခန်းမှ ၁၅ ကြိမ်၊ ကျောက်မဲတပ်စခန်းမှ ၂ ကြိမ် စုစုပေါင်း ၃၂ ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပန်နိမ့်ကျေးရွာကို ကျရောက်ခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်ခန့်တွင် မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၀၅ တပ်စခန်းမှ နမ့်တောင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် နမ့်တောင်ရွာဘုန်းကြီးကျောင်းပေါ်ကို လက်နက်ကြီးကျရောက်ခဲ့ပြီး ကျောင်းအနီးနေထိုင်သူ အသက် ၇၀ အရွယ်အဖွားအို ဆ ဦး လက်နက်ကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်နေရာများသည် စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ နမ့်ဆန်မြို့နယ်အတွင်းရှိ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း နမ့်ခမ်းမြို့ စာရေးတန်းရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ် ၃ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။