32 C
Yangon

မြိတ်မြို့နယ်ရှိ စစ်စခန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်တွင် မိုင်းရှင်းနေသည့် စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခံရပြီးနောက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

မြိတ်မြို့နယ်ရှိ စစ်စခန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်တွင် မိုင်းရှင်းနေသည့် စစ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခံရပြီးနောက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ ဒီဇင်ဘာ ၄

မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာရှိ စစ်တပ် စခန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြိတ်မြို့နယ်‌ တုံးဗျောကြီးရွာရှိ စစ်တပ် စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့ မြိတ်ခရိုင် စစ်ကြောင်း ၁ က သွားရောက်ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရှိသည်။

ပစ်ခတ် တိုက်ခိုက်မှု အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ မှ ရဲဘော် ၂ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိပြီး‌နောက် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မြိတ်ခရိုင်အတွင်းရှိ ခရီးသွား ပြည်သူများ အနေဖြင့် ခရီးသွားလာရာတွင် စစ်ကောင်စီယာဉ်တန်းနှင့်နီးကပ် မသွားလာကြရန်နှင့် မလိုအပ်ပါက ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် သတိ‌ပေးထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၁ ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၁ ၊ မြိတ်ပြည်သူ့ကာကွယ်ရေး (ပကဖ)၊ တနင်္သာရီပြည်သူ့ကာကွယ်ရေး(ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး မိုင်းရှင်းနေသည့် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Black Eagle အဖွဲ့တာ၀န်ခံ ဗိုလ်တောက်ထွန်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး Black Eagle အဖွဲ့က လက်နက်ခဲယမ်း ဝယ်ယူနိုင်ရန် အလှူခံနေသည့် နေရာကို စစ်တပ်က ရောက်ရှိလာပြီး မိုင်းရှင်းလင်းရေး လုပ်ဆောင်နေစဥ် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ညောင်ပင်ဝန်းရွာနားမှာ ကျွန်တော်တို့က လက်နက်ခဲယမ်းဖိုး အလှူခံနေတာ တစ်ပတ်လောက်ရှိပြီ စစ်ခွေးတွေ လာမယ် အသံကြားလို့ အလှူခံတာရပ်ပြီး မိုင်းထောင်ထားခဲ့တာ စစ်ခွေး အင်အား ၅၀ လောက် က ၂ နာရီလောက်မှာ ရောက်လာပြီး သေနတ်တွေ တောက်လျောက် ရမ်းပစ်တာပဲ အဲတာနဲ့ ကျွန်တော်တို့ဘက်ကလည်း မဟာမိတ်တွေရော ၁၂၀ နဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်။ မိုင်းက ထောင်နေရင်း စစ်ခွေးတွေကရောက်လာတော့ ဆင်ထားတဲ့ ဟာတွေပဲ ခွဲလိုက်ရတယ်။ မိုင်း ၃ လုံးတော့ကွဲတယ်” ဟု Black Eagle အဖွဲ့တာ၀န်ခံ ဗိုလ်တောက်ထွန်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး မည်သည့်နေရာကို ဖမ်းဆီးသွားသည်ကို မသိရသေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်သွယ်မရကြောင်း ဒေသပြည်သူများထံမှ သိရသည်။

Black Eagle အဖွဲ့သည် လက်ရှိချိန်တွင် လက်နက် ခဲယမ်းကျည် မလုံလောက်သောကြောင့် ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း ဗိုလ်တောက်ထွန်းက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article