32 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ၅ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ၅ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၅ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက် ကျေးရွာများအတွင်း လက်နက်ကြီး ၆၂ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရကာ ၇ ဦး ပြင်းထန် ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ−၂၆၄ တပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ တလိုင်းခင် ကျေးရွာအတွင်းသို့ ၁ လုံးနှင့် လက်ခံကျေးရွာသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ က ရေတွင်းကုန်းကျေးရွာအတွင်းကို လက်နက်ကြီး ၇ လုံးနှင့် ဖိုးတကျေးရွာ အတွင်းကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ်အခြေစိုက် ခလရ−၂၆၄ က ဝါးပင်စု ကျေးရွာကို လက်နက်ကြီး ၂ လုံး၊ တံခွန်တိုင်ရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သည့်အပြင် ည ၇ နာရီခန့်တွင် နတ်သံကွင်းကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ နတ်သံကွင်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ် မောင်အောင်ကြီး သေဆုံးခဲ့ရပြီး အသက် ၅၀ အရွယ် တီးကူးနူး နှင့် အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်ညိုအေး တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခလရ-၆၀ က ကျွဲခြံကျေးရွာအတွင်းကို လက်နက်ကြီး ၂ လုံး၊ မုဆိုးမရွာအတွင်းကို လက်နက်ကြီး ၃ လုံး၊ ဘုရားကုန်းရွာကို လက်နက်ကြီး ၆ လုံး၊ ဝါးပင်စုကျေးရွာကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျွဲခြံကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဦးကျော်ခင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက် ခလရ−၂၆၄ က တောင်ခင်ကျေးရွာကို လက်နက်ကြီး ၂ လုံး၊ အလယ်ကျေးရွာကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အလယ်ကျေးရွာမှ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

KNU ဆောထိမြို့နယ် အုပ်ချုပ် နယ်မြေအတွင်း ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ က ည ၈ နာရီမှ ၈ နာရီ ၄၄ မိနစ်ခန့် အထိ တော်ဝိကျေးရွာ မှနေပြီး ချုံအင်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပြီး ပုဇွန်မြောင်း တာပျက် မှနေ၍ ည ၈ နာရီ ၅၆ မိနစ်မှ ၉ နာရီ ၁၄ မိနစ်အထိ ရေဖြူကန်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ရသည့်အပြင် ည ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၄၇ မိနစ်အထိ ဂွေးကုန်း ကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီး ၅ လုံး ကို ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တော်ဝိကျေးရွာအတွင်း အခြေချ ထားသော အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ က ည ၉ နာရီ ၄၀ မိနစ်မှ ၁ဝ နာရီ ၁၀ မိနစ် အထိ ရေဖြူကန် ကျေးရွာတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ရေဖြူကန် ကျေးရွာနေ အသက် ၂၂ အရွယ် မောင်ထင်ရှား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကေအဲန်ယူ-ဆောထိမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၅၇ က အင်္ဂနီ/ကျောက်တန်း ကျေးရွာမှ စစ်ဘေး ရှောင်နေသော ပြည်သူများကို သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် အသက် ၂၉ နှစ်အရွယ် မေသဉ္ဇာမိုး၊ အသက် ၁၉ နှစ်အရွယ် မောင်ထက်နိုင်၊ အသက် ၂၈ နှစ်အရွယ် မတအယ်ထွေးတို့ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့ရပြီး ပုဇွန်မြောင်း တာပျက်မှ နေသောခမရ-၂၀သည် ဂွေးကုန်း ကျေးရွာအတွင်းကို လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်းကို ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်၌ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း BGF-၁၀၁၄ လက်အောက်ခံ တပ်ခွဲ ၂ BGF-ညောင်ကုန်း ဂိတ်စခန်းမှ နို့နော်ဝါးရွာထဲကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ စောခိုင်မိုးသူ ပိုင်သော နေအိမ် အဆောက်အဦးနှင့် အိမ်ထဲရှိ ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ဖုန်း ၁ လုံး လက်နက်ကြီးကျည်စ ထိမှန်ကာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၄၀၂ တပ်ရင်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဒန်ကျိုက်တောင်ခြေ လယ်ကွင်း အတွင်း ကျရောက် ပေါက်ကွဲကာ စပါးသီးနှံပင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article