ရန်ကုန်၊ မတ် ၃၀
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မတ်လ ၂၉ ရက်နေ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ပျက်ကျမှုအတွက် လေတပ်မှ ရဟတ်ယာဉ်မောင်း ဗိုလ်မှူး ၂ ဦးကို စုံခုံဖွဲ့၍ စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း လေတပ် အသိုင်းအ၀ိုင်းက ပြောသည်။
မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန် ဟားခါးမြို့တွင် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်ကို လေတပ်မှ ပိုင်းလော့ ဗိုလ်မှူး နိုင်ဦး၊ ဗိုလ်မှူး ဇင်လင်းဇော်တို့က မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါရဟတ်ယာဉ်သည် နေပြည်တော်လေတပ်စခန်းမှဖြစ်ပြီး ရဟတ်ယာဉ်နံပါတ်မှာ ၆၆၀၉ ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ရဟတ်ယာဉ်သည် ရာသီဥတု လေဖိအားကြောင့် ပျက်ကျခဲ့သည်ဟု ပြောဆိုသော်လည်း စစ်တပ်အတွင်းတွင်မူ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ ရဟတ်ယာဉ်မောင်း ဗိုလ်မှူး ၂ ဦးကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ဟားခါးတွင် ပျက်ကျသွားသည့် စစ်ရဟတ်ယာဉ်။