28 C
Yangon

ရခိုင်ပြည်နယ်နှင့်ပလက်၀တွင် စစ်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးငယ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေ၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် လုပ်ဆောင်နေ

Must read

ရခိုင်ပြည်နယ်နှင့်ပလက်၀တွင် စစ်တပ်က လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးငယ် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေ၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် လုပ်ဆောင်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြိုနယ်အတွင်းရှိ စခန်းတချို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်း၊ ရေကြောင်းများမှလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေပြီး ပလက်၀တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နံနက် ၈ နာရီခန့်မှ စတင်ပြီး စစ်တပ်က ရခိုင်ပြည်နယ်အနှံ့နေရာများတွင် ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း၊ ထို့ပြင် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းအချို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ဂျက်လေယာဉ်တစ်စီးဖြင့် AA က သိမ်းပိုက်ရယူထားသော “နှုးဘူးဗျူဟာ” ပတ်ဝန်းကျင်သို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက ဒေသခံပြည်သူများကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသည့် မိသားစုအသိုင်းအဝိုင်းက ပြောဆိုသည်။

ပန်းမြောင်းကျေးရွာရှိ အောင်မင်္ဂလာတောင်ထိပ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်က ဖမ်းဆီးနေခြင်းဖြစ်ပြီး လူငယ်အချို့ကို တောင်ထိပ်သို့ ခေါ်ယူသွားကြောင်း၊အသက် ၂၀ အရွယ် လူငယ်များအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနှင့် ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူများမှာ မဲမောင်၊ ကျော်ဆန်းထွန်း၊ ကျောက်သီး၊ ဆန်ခါဦးနှင့် သန်းမောင်ကြီးတို့ဖြစ်ပြီး ၎င်းတို့အားလုံးမှာ ပန်းမြောင်းဈေးပိုင်းမှ ဖြစ်ကြောင်း သိရှိရသည်။

ဆန်ခါဦး မိသားစုဝင်တစ်ဦးက “အောင်မင်္ဂလာတောင်ထိပ် တပ်က ကျနော်တို့ ဒေသခံတွေကို လူသားဒိုင်းကာအနေနဲ့ ဖမ်းဆီးထားပါတယ်။ အဲဒီအထဲမှာ ကျနော့်ဆွေမျိုး ဆန်ခါဦးလည်း ပါပါတယ်။ ဆန်ခါဦးနဲ့ ကျော်ဆန်းထွန်းကို တောင်ထိပ်သို့ ခေါ်ယူသွားတယ်။ လမ်းမှာတွေ့တဲ့ အမျိုးသမီးတချို့ကိုလည်း ဖမ်းဆီးသွားတယ် ကြားတယ်။ နာမည်တွေတော့ မသိရသေးဘူး” ဟု ပြောသည်။

ဆန်ခါဦးနှင့် ကျော်ဆန်းထွန်းတို့မှာ အသက် ၂၃ နှစ်အရွယ် လူငယ်များဖြစ်ပြီး ကျန် ဒေသခံများအား အသက်အရွယ်မသိရသေးပေ။ ကျော်ဆန်းထွန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ရိုက်နှက်မှုကို ခံခဲ့ရကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်သားတွေက လေးမြို့မြစ်ကို ကူးဖို့ စက်လှေနဲ့ပို့ပေးဖို့ ကျော်ဆန်းထွန်းကို ပြောတယ်။ ကျော်ဆန်းထွန်းက စက်လှေမောင်းဖို့ ဆီမရှိဘူး။ ရွာမှာ ဆီပြတ်နေတာ တစ်ပတ်ကျော်ရှိပြီလို့ ပြောတယ်။ အဲဒါကို စစ်သားတွေက ကျော်ဆန်းထွန်းကို သေနတ်ဘောင်နဲ့ ရိုက်နှက်တယ်။ လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ ပြီးတော့ တောင်ထိပ်ကို ခေါ်ယူသွားတာပဲ” ဟု မျက်မြင်ဒေသခံက ပြောသည်။

၂၀၁၉ ခုနှစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရာနှင့်ချီသော ပန်းမြောင်းရွာသားများကို လယ်ကွင်းပြင် နေပူထဲ၌ ထိုင်းခိုင်းခြင်းနှင့် မှောက်ခိုင်းကာ AA နှင့် ဆက်စပ်မှု ရှိမရှိ စစ်ဆေးမြန်းခြင်းများကို ပြုလုပ်သည့်အပြင် မသင်္ကာသူအချို့ကို ဖမ်းဆီးရိုက်နှက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။

ယမန်နေ့နှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ပန်းမြောင်းကျေးရွာအနီး တောင်ဖြူတောင် ပတ်ဝန်းကျင်ကို စစ်ကောင်စီ လေကြောင်းက ဗုံးလာကြဲနေ၍ ပန်းမြောင်းဒေသခံ အမြောက်အများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပန်းမြောင်းနှင့် ၆ မိုင်ခန့်သာ ဝေးကွာသော တောင်ဖြူတောင်အနီးပတ်ဝန်းကျင်နှင့် ပန်းမြောင်း-တောင်ဖြူတောင်ကြားတွင် စစ်ကောင်စီ လေတပ်က ယမန်နေ့ ညနေက ဗုံးလာကြဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” တောင်ဖြူတောင်အနီးမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲလို့ တိုက်ပွဲတွေ ဖြစ်မလားဆိုပြီး ရွာသားတွေက ဘေးလွတ်ရာကို ဒီနေ့ မနက်ကတည်းက တိမ်းရှောင်ကြပါတယ်။ အောင်မင်္ဂလာတောင်ထိပ်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တာရှိတော့ ရွာသားတွေက အရမ်းစိုးနေကြတာပေါ့။ အခု ကျနော်တို့ မိသားစုလည်း လေးမြို့မြစ် အထက်ပိုင်းကို ပြောင်းရွှေ့လာပါတယ်။ ထောင်ဂဏန်းလောက်ရှိမယ်ထင်တယ်။ အခု ရွာမှာက အနည်းစုလောက်ပဲ ကျန်ပါတော့တယ်။ ” ဟု ပြောသည်။

ပန်းမြောင်းဒေသရှိ တောင်ဖြူတောင်၊ ကုလားမတောင်နှင့် အောင်မင်္ဂလာတောင်ထိပ်တို့တွင် စစ်ကောင်စီမှ အင်အားအများအပြားဖြင့် အခိုင်အမာတပ်စွဲနေရာယူထားကြောင်း သိရသည်။

ယမန်နေ့က ဗုံးလာကြဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းမှာ တပ်အပြောင်းအရွှေ့တွင် ခြောက်လှန့်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပန်းမြောင်းရွာသားတစ်ဦးက သုံးသပ်ထားသည်။

“အခုထက်ထိတော့ ဘာတိုက်ပွဲမှ မရှိသေးပါဘူး။ မနေ့က ဗုံးလာကြဲတာကလည်း စစ်ကောင်စီ တပ်တွေ အပြောင်းအရွှေ့လုပ်တာထင်တယ်။ ဂျက်တိုက်လေယာဉ် အနည်းဆုံး နှစ်စီးနဲ့ အသွားအပြန် ဗုံးကြဲခဲ့တယ်။ ဒေသခံတွေကို ခြောက်လှန့်တာပေါ့ဗျာ။ ပန်းမြောင်းက အရင်တိုက်ပွဲတုန်းကလည်း အများကြီးခံခဲ့ရတော့ နည်းနည်းဆိုတာနဲ့ အားလုံးက ကြောက်နေကြပြီ။ အချိန်မီ ဘေးလွတ်ရာကို သွားကြမှာပေါ့။ ” ဟု ပြောသည်။

ပန်းမြောင်းဒေသတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၌ ရက္ခိုင့်တပ်တော် AA ကလည်း ဝိုင်းရံထားသည့်အတွက် နှစ်ဖက်တင်းမာနေသည့် အခြေအနေရှိသည်ဟု သိရသည်။

AA ပါဝင်သော ညီနောင်မဟာမိတ်တပ်ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအဆင့်သို့ မြှင့်တင်ကာ စစ်ရှိန်တိုးမြှင့်ဆောင်ရွက်မည်ဟု ကြေညာပြီးနောက် တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်၍ ပန်းမြောင်းဒေသခံများမှာ နိုင်ဝင်ဘာလ ၂၇ ရက်နေ့ကနေ နေအိမ်ကိုစွန့်ခွာနေကြပြီး လေးမြို့မြစ်အထက်ဘက်သို့ ပြောင်းရွှေ့နေကြကြောင်း စုံစမ်းသိရသည်။

ပန်းမြောင်းဒေသတွင် ပန်းမြောင်းကျေးရွာအပြင် မြို့ချောင်း၊ ကျောင်းတောင် စသည့် ကျေးရွာပေါင်း ၁၀ ကျော်ရှိပြီး ရွာသားအများစုမှာ လေးမြို့မြစ်အထက်ဘက်သို့ ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများအတွင်း ပန်းမြောင်းကျေးရွာတွင် အောင်မင်္ဂလာတောင်ထိပ်၌ တပ်စွဲထားသော မြန်မာစစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် တောင်အောက်တွင် ထမင်းစားနေသော မိသားစုတစ်စု သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

ဆက်လက်ပြီး ပန်းမြောင်းရွာထဲရှိ အောင်မင်္ဂလာတောင်ထိပ်က စစ်ကောင်စီတပ်မှာ ပန်းမြောင်းရွာသားများထံမှ စားနပ်ရိက္ခာ တောင်းခံနေသည့် သတင်းလည်း ထွက်ပေါ်နေသည်။

လွန်ခဲ့သော နိုဝင်ဘာလာ ဒုတိယအပတ်က ပန်းမြောင်းဒေသ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA နာရီဝက်ခန့်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သည် ပန်းမြောင်းဒေသတွင် စစ်ရေးလှုပ်ရှားမှုများရှိခဲ့ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြောက်ဦးမြို့ ငွေတောင်ပေါက်တံတားတွင် စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် အငြိုးထား၍ မြောက်ဦးမြို့ထဲသို့ လက်နက်ကြီးလှမ်းပစ်ခတ်ခြင်း၊ နေ့ခင်းရောညမှာပါ လက်နက်ငယ်များဖြင့် လှည့် လည်ပစ်ခတ်ခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်းတို့ကို ၃ ရက်ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

(ရန်ကုန်ခေတ်သစ်၏ မဟာမိတ် Western News မှ သတင်းအချက်များ ပူးပေါင်းဖော်ပြသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article