27 C
Yangon

အကြမ်းဖက် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ ဗြိတိန်ပိုင်နက် နယ်မြေမှာ မှတ်ပုံတင်ထားတဲ့ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ

Must read

အကြမ်းဖက် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ ဗြိတိန်ပိုင်နက် နယ်မြေမှာ မှတ်ပုံတင်ထားတဲ့ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အခွန်ရှောင်တိမ်းလိုသူများအတွက် အခွန်နိဗ္ဗာန်ဘုံ လို့ကျော်ကြားတဲ့ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေတစိခုမှာ မှတ်ပုံတင်ထားတဲ့ တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဟာ မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ခွင့်ရကာ တရားမဝင် စစ်အုပ်စုကို ဘဏ္ဍာငွေကြေးတွေ ထောက်ပံ့ကူညီနေတယ်လို့ Justice for Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာ စစ်အုပ်စုအပေါ် ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ပြသရာလည်း ရောက်နေပါတယ်။

တရုတ်နိုင်ငံမှာ ရုံးချုပ်တည်ထားပေမယ့် ဗြိတိန်ပိုင် ခေးမန်းကျွန်းစုမှာ မှတ်ပုံတင်ထားတဲ့ Greenway Mining Group Limited ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ ၄င်းလုပ်ကိုင်နေတဲ့ ခဲ နဲ့ ငွေသတ္တုတွင်း လုပ်ငန်းတွေကနေပြီး ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့တယ်လို့ JFM ကဆိုတာပါ။

အဆိုပါ ကုမ္ပဏီဟာ အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် အမှတ် (၁) မြန်မာ့သတ္တုတွင်းလုပ်ငန်း (ME-1) ကတဆင့် မြန်မာစစ်အုပ်စုကို အကျိုးအမြတ်တွေ ပေးနေတယ်လို့လည်း ဆိုပါတယ်။

ယူကေ နိုင်ငံဟာ ၄င်းရဲ့မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အီးယူ နဲ့ ကနေဒါနိုင်ငံတွေလို စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (ME 1) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME 2) တို့ကို ပိတ်ဆို့ အရေးယူထားခြင်း မရှိသေးတာကြောင့် ဗြိတိန်ပိုင်နက်မှာ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့ Greenway သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ အခုလို စစ်အုပ်စုနဲ့ စီးပွားရေး ပူးပေါင်းလုပ်ကိုင်နိုင်နေတာလည်း ဖြစ်ပါတယ်။

ထိုသို့ အမှတ် (၁) နှင့် (၂) သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန်က အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်းမရှိသေးတဲ့အပေါ် အခွင့်ကောင်းယူပြီး Greenway Mining Group က ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေတွေ ဖြစ်တဲ့ Cayman Islands နဲ့ British Virgin Island (BVI) မှတ်ပုံတင်ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာကြောင့် အခုလို မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်တာ ဖြစ်တယ်လို့ JFM က ဝေဖန်ထားပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းစု ၁၄ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေတွေဟာ အများစုအားဖြင့် ကာရေဘီယံ ပင်လယ်တွင်းမှာ ရှိနေတာပါ.။

၎င်းနယ်မြေတွေရဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာကိစ္စတွေကို ယူကေနိုင်ငံက ဆက်လက်ထိန်းချုပ်ထားပေမယ့်၊ ကျန်တဲ့အုပ်ချုပ်ခွင့် အာဏာတော်တော်များများကို လွတ်လပ်စွာ ကျင့်သုံးအုပ်ချုပ်လို့ရနေတဲ့ အဆိုပါ ကျွန်းစုအချို့ဟာ လျှို့ဝှက်တဲ့ စီရင်ခွင့်အခြေအနေတွေ ရှိနေတဲ့အပြင် ဝေဖန်ပြစ်တင်မှုတွေရှိပေမယ့် အခွန်ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ နိဗ္ဗာန်ဘုံသဖွယ် အခွင့်အရေးတွေကြောင့် Tax Heaven လို့ ကမ္ဘာမှာ လူသိများ ကျော်ကြားပါတယ်။

Greenway Mining Group အနေနဲ့ ၂၀၂၂ ခုနှစ်ကစတင်ကာ မြန်မာနိုင်ငံမှာ ရှိတဲ့ ၄င်းတို့ရဲ့လုပ်ငန်းတွေကို တိုးချဲံဖို့ လုပ်ဆောင်ခဲ့ပြီး၊ ၂၀၂၃ အရောက်မှာတော့ ၎င်တို့ရဲ့ သတ္တုတွင်းတွေကို အရွယ်အစားနဲ့ အဆင့်မြှင့်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် စစ်အုပ်စုထံမှ ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်နေတယ်လို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ယခင် China Polymetallic Group လို့ သိခဲ့ကြတဲ့ အဆိုပါ Greenway Mining Group ဟာ ရင်းနှီးမြှုပ်နှံသူတွေထံ စာရင်းစစ် အစီရင်ခံစာနဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေကို ၂၀၂၀ ခုနှစ်ကတည်းက ပေးအပ်နိုင်ခြင်းမရှိတာကြောင့် ဟောင်ကောင်စတော့အိတ်ချိန်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကုမ္ပဏီကတော့ ထိုသို့ရှင်းတမ်းများ မထုတ်ပြန်နိုင်ခြင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့ မြန်မာနိုင်ငံတွင်း အာဏာသိမ်းကြိုးပမ်းမှု တွေကြောင့်လို့ အပြစ်လွှဲချခဲ့ပါတယ်။။

Greenway Mining Group ဟာ ထိုသို့ စတော့အိတ်ချိန်းမှ အရှက်တကွဲ ထုတ်ပယ်ခံခဲ့ရပေမယ့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာတော့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ခုနှစ်ရှေ့ပိုင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ ကုမ္ပဏီရဲ့ ဝင်ငွေရရှိမှုမှာ မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းတွေက အဓိကကျကြောင်း တွေ့ရပါတယ်။ Greenway Mining Group အနေနဲ့ ၂၀၁၈ နှင့် ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ခဲ-ငွေ သတ္တုထုတ်လုပ်မှုမှာ ၈၁ ရာခိုင်နှုန်းနီးပါးထိ ပါဝင်ပတ်သက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ကို ရှာဖွေနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။

ခဲ-ငွေ အပါအဝင် သတ္တုများ ရောင်းချမှုဟာ ၂၀၁၈ မှ ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီအုပ်စု၏ အကြီးမားဆုံး ဝင်ငွေအရင်းအမြစ် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Greenway Mining Group ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ ထုတ်လုပ်မှုခွဲဝေရေး သဘောတူ စာချုပ်အရ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းတွင်းနှစ်တွင်းကို လုပ်ဆောင်လျက်ရှိပါတယ်။ ပထမမိုင်းတွင်း Aung Jiujia ဟာ မြေပေါ်ဟင်းလင်းဖွင့် (Open-pit) နှင့် မြေအောက် ခဲ-သွပ်သတ္တုတွင်း ဖြစ်ပြီး၊ ယင်းသတ္တု တွင်းကို Greenway Mining Group က မြန်မာမှတ်ပုံတင် ကုမ္ပဏီခွဲမှတဆင့် ၁၀၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားကာ ၂၀၁၉ ခုနှစ်အတွင်း သတ္တုရိုင်းတန်ချိန် ၁၁၁,၅၅၀ နှင့် ခဲ-ငွေဓာတ်သတ္တုတန် ၄,၇၅၀ ကျော်ကို ထုတ်လုပ်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးစာရင်းများကို အခြေခံပြီး JFM ကဆိုပါတယ်။

ဒုတိယတွင်း GPS JV ကတော့ မြေအောက် ခဲ-ငွေ Polymetallic သတ္တုတွင်းဖြစ်ပြီး၊ Greenway Mining Group က က British Virgin Islands မှတ်ပုံတင်ကုမ္ပဏီ Venture Million Enterprise Limited မှတဆင့် ၅၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ ၂၀၁၉ ခုနှစ် စာရင်းစစ်ထုတ်ပြန်ချက်အရ သတ္တုရိုင်း ၃၉,၈၀၀ တန်နှင့် ခဲ-ငွေဓာတ်သတ္တု ၄,၄၄၀ တန် ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။

Greenway Mining Group ရဲ့ အဓိက ရှယ်ယာရှင်တွေအဖြစ် ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ South Manganese Bermuda က အဓိကပိုင်ဆိုင်ပြီး၊ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေ ဘာမြူဒါမှာ မှတ်ပုံတင်ထားတဲ့ CITIC Dameng Investments Limited နဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ Shi Xizozhou တို့လည်းပါဝင်ကာ၊ အများစုမှာ ဟောင်ကောင် အခြေစိုက်ကုမ္ပဏီများ ဖြစ်ကြပါတယ်။

Greenway Mining Group ကာ မြန်မာနိုင်ငံတွင်း ၄င်းလုပ်ကိုင်နေတဲ့ သတ္တုတွင်းလုပ်ငန်းတွေကတဆင့် စစ်အုပ်စုအတွက် ဘဏ္ဍာငွေ အမြောက်အများ ရရှိအောင် ကူညီပံပိုးနေတာဖြစ်ပြီး၊ ဒီလိုအခွန်ဘဏ္ဍာများစွာ ရရှိနေတာကြောင့်လည်း စစ်အုပ်စုဟာ ပြည်သူအပေါ် ပြန်လည်ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေနိုင်တာ ဖြစ်တယ်လို့ Justice for Myanmar အဖွဲ့ကဆိုပါတယ်။။

ဒါကြောင့် Greenway Mining Group အနေနဲ့ လူ့အခွင့်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမှုတွေအရ ၎င်းတို့ရဲ့ လူ့အခွင့်ရေးဆိုင်ရာ တာဝန်ဝတ္တရားတွေနဲ့အညီ စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း အားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ Justice For Myanmar က တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုအပေါ် ယူကေ အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုများ နှေးကွေးနေမှုကို တုန့်ပြန်ဆောင်ရွက်ရန်၊ Cayman Islands နဲ့ British Virgin Island (BVI) အပါအဝင် ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေ အာဏာပိုင်တွေအနေနဲ့ ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို အသက်ဝင်စေဖို့အတွက် တွန်းအားပေးရန်နှင့် ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေဗစ်ကင်မရွန်း အနေနဲ့ အမှတ် (၁) နှင့် (၂) သတ္တုတွင်းလုပ်ငန်းများနဲ့ ခင်မောင်ရီ အပါအဝင် စစ်အုပ်စုရဲ့ ‌ဒေါက်တိုင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် တို့ကို Justice For Myanmar က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article