27 C
Yangon

KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ၄ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ၄ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၄ ရက်ဆက် ပစ်ခတ်ရာ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်မှ ၇ နာရီ ၁၉ မိနစ်အထိ အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ မှ ၁၅၅ မမ လက်နက်ကြီးများဖြင့် သမင်အင်းကုန်း ကျေးရွာအတွင်းကို ၁ လုံး၊ ခြောက်သဲစုကျေးရွာကို ၁ လုံး၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရေတွင်းကုန်း ကျေးရွာကို ၁ လုံး၊ အလယ်ကျေးရွာကို ၁ လုံး၊ ကြိတ်ကွင်းကျေးရွာကို ၄ လုံး၊ ဖျံတလင်းကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိတ်ကွင်းကျေးရွာမှ အသက် ၅၅ နှစ်အရွယ် နော်သန်းအေး ၊ အလယ်ကျေးရွာမှ အသက် ၇၅ နှစ်အရွယ် တီးဖိုးစစ်နှင့် အသက် ၄၅ နှစ်အရွယ် ဒေဝ တို့ ၃ ဦး သေဆုံးခဲ့ပြီး ကြိတ်ကွင်းကျေးရွာမှ အသက် ၈ နှစ်အရွယ် နော်ထီးခူ ၊ အလယ်ကျေးရွာမှ ပြည်သူ ၁ ဦး နှင့် အသက် ၂၀ အရွယ် စောတာဒို တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ခလရ−၂၆၄ မှ သမင်အင်းကုန်း ကျေးရွာ အတွင်းကို ၁၅၅ မမ လက်နက်ကြီး ၄ လုံး၊ အလယ်ကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး ယင်းနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် အလယ်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်ပစ်ခဲ့ပြီး ကြိတ်ကွင်း ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာကာ ကျေးရွာတွင်းရှိ ပြည်သူများကို ရွာပြင် မထွက်ခိုင်းဘဲ အကာကွယ်ယူခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီမှ ၁ နာရီအထိ တောင်ခင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများ ထိမှန်ပြီး တောင်ခင်ကျေးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ ၁ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ ညနေ ၅ နာရီ ၅၄ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တောင်ခင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၆ လုံး၊ ည ၈ နာရီ ၃၅ မိနစ်တွင် ရေတွင်းကုန်း ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၅ လုံး၊ ည ၁ဝ နာရီ ၁၅ မိနစ်တွင် ၁၅၅ မမ လက်နက်ကြီး ၃ လုံးဖြင့် ခိုလှုံကျေးရွာကို ထပ်မံ ပစ်ခတ်ခဲ့သည့်အတွက် ခလရ-၂၆၄ တပ်ရင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပင် KNU-လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးစုစုပေါင်း အလုံး ၃၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှစ၍ ည ၈ နာရီအထိ ခလရ-၂၆၄ က ၁၅၅ မမ လက်နက်ကြီးများဖြင့် ကော်သာစေးကျေးရွာကို ၂ လုံး၊ စွယ်တိန်ကျေးရွာကို ၂ လုံး၊ ပဒဲကော ကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးများဖြင့် တောင်ခင်ကျေးရွာကို ၁၁ လုံး၊ အလယ်ကျေရွာကို ၆ လုံး စုစုပေါင်း ၂၃ လုံး ခန့်ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ခလရ−၂၆၄ က ချုံအင်း ကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး၊ ညနေ ၄ နာရီခွဲခန့်တွင် ဖိုးတကျေးရွာကို ၁၅၅ မမ လက်နက်ကြီး ၂ လုံး၊ ည ၈ နာရီခန့်တွင် သမင်အင်းကုန်းကျေးရွာတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး စုစုပေါင်း ၅ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း နံဇကျေးရွာသား ၁ ဦးသည် စစ်ဘေးရှောင်နေရာမှ ကျေးရွာတွင်းကို ပစ္စည်းရိက္ခာများ ပြန်လည်သယ်ဆောင်ရန်အတွက် ထော်လာဂျီဖြင့် ပြန်လာစဉ် လမ်းပိုင်း တစ်နေရာ၌ အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ထော်လာဂျီပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article