က၀မြို့နယ်တွင် အသက် ၅၀ အရွယ် ဦးဇော်ဌေးကို PDF နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးညှဉ်းပန်း သတ် ဖြတ်၊ အလောင်းကို မိသားစုထံ ပြန်မပေး
ရန်ကုန် ဒီဇင်ဘာ ၂၁
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ မုဒုကျေးရွာမှ အသက် ၅၀ အရွယ် ဦးဇော်ဌေးကို PDF နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးညှဉ်းပန်း သတ် ဖြတ်လိုက်ကြောင်း သေဆုံးသူနှင့်နီးစပ်သူများက ပြောဆိုသည်။
ဧပြီလ၂၇ ရက်နေ့ ကဝမြို့နယ်၊ မုဒုကျေးရွာမှ အသက် ၅၀နှစ်အရွယ်ရှိ ဦးဇော်ဌေးကို စစ်တပ်က PDF နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် စစ်ကြောရေးတွင် လပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဦးဇော်ဌေးသည် စစ်ကြောရေးတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ကိုဇော်ဌေးကို ဒီနှစ် ဧပြီလကတည်းက စစ်သားတွေက လာဖမ်းတာ။ ဖမ်းသွားကတည်းက မိသားစုနဲ့ အဆက်အသွယ်မရတော့ဘူး။ မိသားစုကလည်း ကိုဇော်ဌေး သေလား ရှင်လားလည်း မသိရဘူး။ ဘယ်ကိုဖမ်းသွားလို့ ဘယ်မှာထားမှန်းလည်း မသိရဘူး။ ဒီဇင်ဘာ ၁၉ရက်နေ့မှာမှ ကိုဇော်ဌေး ပဲခူးဆေးရုံမှာ သေပြီလို့ သူ့မိသားစုကို စစ်သားတွေက လာအကြောင်းကြားတယ်။ မိသားစုဝင်တွေ က အလောင်းပြန်ယူဖို့ ပဲခူးဆေးရုံလိုက်သွားပေမယ့် စစ်သားတွေက အလောင်းပြန်မပေးလို့ မရခဲ့ဘူး။ ရက်လည်သပိတ်ဆွမ်းသွပ်ကိုတော့ ရွာမှာပဲ လုပ်မယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ဦးဇော်ဌေးကို ဖမ်းဆီးခဲ့ရာတွင် ကဝမြို့နယ် ၊ ထွေ/အုပ်ရုံးမှ စာရေးမ ဝါဝါခိုင်က ဦးဇော်ဌေးသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့်အပြင် PDFများနှင့်အဆက်အသွယ်ရှိသူတစ်ဦးဖြစ်သည်ဟု စစ်တပ်ထံသို့ မမှန်မကန် သတင်းပေးခဲ့သဖြင့် စစ်တပ်က ဦးဇော်ဌေးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်ကြောရေးတွင် လပေါင်းများစွာ ထားရှိ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
“ဒီဇင်ဘာ ၁၈ရက်နေ့က ဆေးရုံတင်လာတယ် ညပိုင်းမှာပဲ ဆုံးသွားပါတယ် ဆေးရုံရောက်တော့ သေလုမြောပါးဖြစ်နေပါပြီ။
တကိုယ်လုံး အညို အမဲစွဲဒဏ်ရာတွေနဲ့ စစ်ကြောရေးမှာ အတော်ပြင်းပြင်းထန်ထန် ရိုက်နှက်ထုထောင်းထားပုံရတယ်။
အချိန်နှောင်းမှာ ဆေးရုံလာပို့တာပါ”ဟု ပဲခူးဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် သေဆုံးသွားသည့် ဦးဇော်ဌေးအလောင်းကို မိသားစုဝင်များကို ကြည့်ခွင့်ပေးခဲ့ပြီး အလောင်းကို စစ်တပ်ကပင် သဂြိုလ်ခဲ့ကြောင်း၊ အလောင်းကို ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ ညဉ်းပန်းသတ်ဖြတ်မှုကြောင့် သေဆုံးရသည့် အရပ် သားပြည်သူ ဦးဇာ်ဌေးတွင်ဇနီးနှင့်သားသမီး ၃ယောက် ကျန်ရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က အရပ်သားပြည်သူတစ်ဦးကို ဖမ်းဆီးပြီး စစ်ကားပေါ်တွင် ညှဉ်းပန်းနှိပ်စက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)