30 C
Yangon

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကလေးငယ် ၆ သန်းကျော် အာဟာရချို့တဲ့နေပြီး ယခု ၂၀၂၄ ခုနှစ်တွင် အခြေအနေပိုဆိုးလာမည်ဟု ကုလသမဂ္ဂက သတိပေး

Must read

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကလေးငယ် ၆ သန်းကျော် အဟာရချို့တဲ့နေပြီး ယခု ၂၀၂၄ ခုနှစ်တွင် အခြေအနေပိုဆိုးလာမည်ဟု ကုလသမဂ္ဂက သတိပေး

ရန်ကုန် ၊ ဇန်နဝါရီ ၃

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းယူမှု နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ မြန်မာကလေးငယ်ခြောက်သန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာ ကလေးငယ်တွေကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ အာဏာသိမ်းမှု မဖြစ်ပွားခင် ၂၀၂၁ ခုနှစ်က အခြေအနေထက် ၁၉ ဆ ပိုမို ဆိုးရွားလာတာဖြစ်တယ်လို့ UNOCHA က ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ ‌တော်လှန်ရေး အင်အားစုတွေကြားက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မ‌လောက်ငမှု၊ စီးပွားရေး ကသောင်းကနင်းဖြစ်မှုတို့ကို ကြုံနေရတဲ့အပြင် အလုံးစုံ ပျက်သုဥ်းခြင်းဆီ ဦးတည်နေပြီလို့ UN က သုံးသပ်ထားပါတယ်။

ဆက်လက်ပြီး အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းကျော် အထိ ရှိလာပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ အရေအတွက် ၁၈ ဒသမ ၃ သန်းအထိ ရှိလာပြီး ဒါဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ သုံးပုံတစ်ပုံခန့် ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ မနှစ်ကထက် တစ်သန်းကျော် ပိုများလာတာဖြစ်တယ်လို့ UN ကဆိုပါတယ်။

သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ ပဋိပက္ခမျိုးစုံ၊ အာဏာရှင်စနစ်နဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကြောင့် Asia and Pacific Situation Report 2023 က မြန်မာကို အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်လိုက်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာရဲ့ အကူအညီလိုအပ်မှုက အာဏာမသိမ်းခင်ကထက် ၁၉ ဆ ပိုများနေတာကြောင့် အလွန်ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေပြီ ဖြစ်တယ်လို့ ကုလက သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရရှိမှုတွေအပြင် အိုးအိမ်စွန့် ခွာထွက်ပြေးရမှုတွေကြောင့် ကလေးငယ်အားလုံးဟာ စိုးရိမ်ဖွယ်အခြေအနေမှာ ရောက်နေတယ်လို့ သုံးသပ်ထားပါတယ်။

မြန်မာကလေးငယ် ၆ သန်းခန့်ဟာ အဟာရချို့တဲ့မှု၊ ရောဂါဝေဒနာတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ကြုံနေရတဲ့ အပြင် အချိန်မရွေး လူကုန်ကူးသူတွေနဲ့ တပ်သားသစ်စုဆောင်းသူတွေရဲ့ သားကောင်ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေက စစ်ဘေးသင့် ဒေသမှာ ရှိနေတဲ့ အမျိုးသမီးတွေနဲ့ မသန်းစွမ်းသူတွေအပေါ် သက်ရောက်မှု လည်း အလွန် ပြင်းထန်နေမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သောက်သုံးရေ ရှားပါးခြင်းနဲ့ အမိုးအကာ အလုံအလောက် မရှိခြင်းတွေကြောင့် ရောဂါဖြစ်ပွား ကူးစက်နှုန်း ပိုများနိုင်ခြေရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက် အကြီးအကျယ် ရှိနေတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂ သန်းကျော်အထိရှိလာပြီး မနှစ်ကထက် ၆ သိန်းပိုများလာတယ်လို့ ဆိုပါတယ်။

၂၀၂၄ မှာ မြန်မာ့အခြေအနေက အခုထက် ပိုမိုဆိုးရွားလာဖွယ်ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

“မြန်မာပြည်သူတွေအနေနဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု နဲ့ နိုင်ငံရေး ဆိုင်ရာ အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အကာအကွယ်မဲ့၊ ကူကယ်ရာမဲ့ အခြေအနေဆီ ဦးတည်နေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ပညာရေး လို မဖြစ်မနေ ရရှိသင့်တဲ့ ဝန်ဆောင်မှုတွေ မရရှိတဲ့အပြင် စားနပ်ရိက္ခာပြတ်လပ်မှုအထိ ဖြစ်ပွားတော့မယ့် အနေအထားမှာ ရှိပါတယ်” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အထူးသဖြင့် “မြန်မာနိုင်ငံ အနောက်မြောက်နဲ့ အရှေ့တောင်ပိုင်းတို့မှာ မိုင်းတွင်းတွေနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ယန္တရားတွေ ရှိနေတာကြောင့် ဒေသခံတွေရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်စရာဖြစ်နေတယ်” လို့ ဆိုပါတယ်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဗုံးပေါက်ကွဲ၍ သေဆုံးခဲ့ရသော ကလေးငယ်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article